#LocalNews
Published - 18 April 2022

 

ယနေ့ ဧပြီ ၁၈ ရက်မှ စတင်ပြီး ရန်ကုန်တိုင်း အပါအ၀င် ကျန်တိုင်းနှင့်ပြည်နယ်တချို့တွင် လျှပ်စစ်မီးဖြန့်ဝေမှုအား အလှည့်ကျစနစ်ဖြင့်သာ ပြန်လည်ပေးဝေဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရပါတယ်။

 

မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း လျှပ်စစ်မီးဖြန့်ဝေမှုအား ပုံမှန်အတိုင်းပေးဝေခဲ့သော်လည်း ယခုအခါတွင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ လျှပ်စစ်မီးအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ပေးဝေခြင်းဖြစ်တယ်လို့ (YESC) ရန်ကင်းမြို့နယ်၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားပါတယ်။

 

ထို့အတူ အလုံမြို့နယ် (YESC)လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရန်ကုန်တွင် ၄ နာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးမည်ဟု အသိပေးကြေညာထားပါတယ်။

 

"သင်္ကြန်ရုံးပိတ်ရက် ကာလတုန်းက မီးအပြည့်အဝပေးတာ တွေ့ရတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး သူတို့ရဲ့ မူလအစီအစဥ်အတိုင်း လျှပ်စစ်မီးတွေကို ပြန်ပေးနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကစပြီး မီးပျက်သွားပါပြီ။ အရင်သူတို့ ထုတ်ပြန်ထားတဲ့ အချိန်ဇယားအတိုင်း ပြန်ဖြစ်သွားပါပြီ"လို့ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက YMG
ကို ပြောပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လမှစ၍ လေးနာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီကနေ့ နံနက် ၅ နာရီအချိန်မှ စတင်ပြီး ယခင် မီးပေးနေသည့် အုပ်စုဇယား(A,B) အတိုင်းသာ အလှည့်ကျ ဓာတ်အားပေးသွားမှာဖြစ်တယ်လို့လည်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့် ဝေရေးရုံးတွေက အသိပေးကြေညာထားပါတယ်။

 

ymg/kg
#Yangon_Media_Group