#LocalNews
Published_4 April 2022

 

ပြည်ပမှဝင်လာသည့် နိုင်ငံခြားငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချပေးရမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၃ ရက်က အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။

 

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မ ၁၂ ၊ ပုဒ်မ ၁၃ ပါ သတ်မှတ်ပြဌာန်းချက်များအရ ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံအတွင်း ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ကာ အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။

 

အဆိုပါ အမိန့်ကြော်ငြာစာညွှန်ကြားချက်မှာ ဧပြီလ ၃ ရက်မှ စတင်အကျိုးသက်ရောက်မည် ဖြစ်ပြီး ယင်းရက်မတိုင်မီ ဝင်ရောက်ထားသော နိုင်ငံခြားသုံးငွေကိုလည်း ယခုညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များပေါ်ပေါက်ပါက သီးခြားထုတ်ပြန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းအမိန့်ကြော်ငြာစာညွှန်ကြားချက်တွင် ထည့်သွင်းရေးသားထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာကို ထုတ်ပြန်ခြင်းဖြစ်ပြီး၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော ပို့ကုန်ရငွေတွေကို ရက် ၃၀ အတွင်း AD လိုင်စင်ရ ဘဏ်များထံ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမည်ဆိုသည့် ညွှန်ကြားချက်အမိန့်စာကို ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

AD လိုင်စင်ရဘဏ်များအနေဖြင့် ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်သော ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှုမဟုတ်သော ရငွေတွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၈၅၀ ကျပ်ဖြင့် လဲလှယ်ပေးရမည် ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group