#LocalNews
Published_1 April 2022

မှန်လုံယာဉ်အောက်ပစ္စည်းထားသည့်အခန်းတွင်း သိုဝှက်တင်ဆောင်လာသော ဘင်္ဂါလီ (၁၀) ဦးအား ရခိုင်ပြည်နယ် အမ်းမြို့တွင် မတ်လ ၃၁ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်အထွက် စစ်ဆေးနေစဉ် စစ်တွေမြို့မှ ထွက်ခွာလာသည့် ကစ္စပနဒီ ခရီးသည်တင်ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်ကို စစ်ဆေးစဉ် အထက်ပါ ဘင်္ဂါလီ (၁၀) ဦး သယ်ဆောင်လာသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာက သိရသည်။

"ဘင်္ဂါလီတွေ ကျား ၄ ၊ မ ၆ တွေ့တာ ၊ စုစုပေါင်း ၁၀ ယောက်ပေါ့။သူတို့ကို ကားအောက်မှာရှိတဲ့ ကုန်ထားတဲ့ နေရာလေ။အဲဒီမှာ တွေ့တာ။ခိုးတင်လာတာ"ဟု အဆိုပါ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

အဆိုပါယာဉ်ကိုမောင်းလာသူမှာ မိတ္ထီလာမြို့နယ်၊ ချည်ဆက်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ရှိ ထွန်းလင်းအောင် ဆိုသူ ဖြစ်ပြီး ယာဉ်နောက်လိုက်များမှာ မိတ္ထီလာမြို့နယ်၊ အိုင်ကြီးလယ်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ထွန်းလင်း၊တောင်ငူမြို့၊ မင်းကြီးရပ်နေ အသက် ၂၅ နှစ်အရွယ်ဝေယံကျော် ၊သာကေတမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် ကျော်ရဲအောင်တို့ ဖြစ်ကြကြောင်း သိရသည်။

ယခုအခါအဆိုပါ ဘင်္ဂါလီများအား လဝကအက်-၁၃(၁)ဖြင့် လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာက သိရသည်။

ymg/mt
Yangon_Media_Group