#LocalNews 
Published - 31 Mar 2022

 

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးတွင် (၃)မိုင်ဘက်မှ ကြိမ်ချောင်းဘက်သို့ လှထွန်းစိန် မောင်းနှင်ပြီး ဦးသန်းနု၊ ထွန်းအောင်သိန်း တိုလိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ ပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ မွန်းလွဲ ၁ နာရီအချိန် မောင်တောမြို့နယ်၊ သရေကုန်းဘောင်ကျေးရွာနေ မတင်ကြည်၏နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ ခင်မောင်ဦး၊ ခိုင်မိုးလင်း၊ မောင်ထွေးတင်၊ လေးမြင့်ဦး၊ မာမာတ်ရှော်ဟီးတို့ ၆ ဦးအား တွေ့ရပြီး သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း၊ မြန်မာငွေကျပ် ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းကျော် သိမ်းဆည်းရမိခဲ့တာကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group