#LocalNews
Published_31 March 2022

KBZ ဘဏ်မှ ပုံမှန်အပ်ငွေစာရင်း၏ နှစ်စဉ်အတိုးနှုန်းကို ယခင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ ၆ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက် နောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ရသည့် အခက်အခဲများကို ကြုံလာကြရသည့်အပေါ် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအပေါ် အများပြည်သူက သံသယ စိတ်များ ဝင်နေကြသည့်အတွက် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု ရှိကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မကြာခဏထုတ်ပြန်ပြောဆိုလေ့ရှိသည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံမှု နည်းပါးလာသောကြောင့် ဘဏ်များအနေဖြင့်လည်း အများပြည်သူအနေဖြင့် ပြန်လည်၍ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု ရရှိစေရန် ပြန်လည် တည်ဆောက်နေရဆဲကာလလည်း ဖြစ်သည်။

ကမ္ဘောဇဘဏ်တွင် ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ် တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကို customer များ ခံစားရယူနိုင်ပြီဖြစ်ကြောင်းနှင့် ငွေစုဘဏ်အပ်ငွေစာရင်းတွင် မြှင့်မားသော အတိုးနှုန်းရရှိစေရန် လစဉ် ၁ ရက်မှ ၅ ရက်အတွင်း အပ်နှံနိုင်ကြောင်း၊စည်းကမ်းသတ်မှတ်ချက်များအနေဖြင့် အတိုးနှုန်းကို မည်သည့်အချိန်၌မဆို ကမ္ဘောဇဘဏ်က ပြင်ဆင်ဖြည့်စွက်ခြင်းပြုလုပ်ခွင့် ရှိကြောင်း လည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ymg/mt
Yangon_Media_Group