#LocalNews
Published_30 March 2022

 

လက်ရှိဖြစ်ပေါ်နေသောပြဿနာများကို အာဃာ၊အမုန်း၊လူသတ်ပွဲများဖြင့်ဖြေရှင်း၍မရ ၊ စားပွဲပေါ်တွင် လမ်းရှာရင်းဖြေရှင်းသွားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောကြားလိုက်သည်။

 

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၂၉ ရက်မှ ဧပြီလ ၂ ရက်ထိ ကျင်းပနေသော NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ စတုတ္ထအကြိမ် ဒုတိယပိုင်း ထိပ်သီး ညီလာခံအတွင်း ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

 

"ကျွန်တော့်ကိုအထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ကြားမှုအပေါ်ကျွန်တော်လာခဲ့တယ်။အခမ်းအနားမှာ မိန့်ခွန်းမဟုတ်ဘဲ စကားပြောခွင့်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ အထူးဖိတ်ကြားသူအဖြစ်လာခဲ့တာ ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီးလာခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ကိုယ်စားပြုပြီးလာခဲ့တာဖြစ်တယ်။ခပ်တိုတိုပဲပြောချင်တယ်။ဒီကနေ့ တိုင်းပြည်မှာဖြစ်နေတဲ့ပဋိပက္ခတွေဟာ အခုလိုပွဲမျိုးနဲ့ ကျွန်တော်တို့ အခုလိုပွဲမျိုးနဲ့ ဆက်ပြီးလှုပ်ရှားသွားဖို့မဖြစ်နိုင်ပါဘူး။ ဒီအတိုင်းပဲသွားကြမယ်ဆိုရင် ကျွန်တော်ပြောရဲတယ်။

 

ကျွန်တော်တို့ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး လူမျိုးချင်းမတူသော်လည်း ကျွန်တော်တို့ရည်မှန်းထားတဲ့ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေးက ဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို အခုလူမျိုးချင်းမတူသော်လည်း ငြိမ်းချမ်းစွာ အတူနေထိုင်သွားနိုင်ရေးက တစ်ပြည်လုံးမှာကြားနေရတဲ့အသံ ၊ အခုလောလောဆယ်အားလုံးက သိနေကြပါတယ်။တစ်ပြည်လုံးမှာ အားလုံးကအပြန်အလှန်သတ်နေကြတယ်။ Facebook မှာ ပြန်ကြည့်မယ်ဆိုလည်း အားလုံးဟာရှုပ်ထွေးနေတဲ့ အချိန်ကာလဖြစ်တယ်။အဲ့တော့ အခုစကားပြောခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့လာပြီး ညွှန်ကြားတာမိန့်ခွန်းပြောတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော့်သဘောထားနဲ့ ခံယူချက် ၊ အခုဖြစ်နေတဲ့ပြဿနာက အပြန်အလှန်သတ်ချင်နေကြတဲ့ လုပ်ရပ်ဖြစ်တယ်။

 

ကျွန်တော်တို့ရပ်တန်းကမရပ်ဘဲ ဒီအတိုင်းသာသွားနေမယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်။ကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းရေးက ကျွန်တော် တို့သက်တမ်းမှာ မမှီတော့ပါဘူး။ ကျွန်တော်တို့ ကွဲကွဲပြားပြားနဲ့ပဲ နိဂုံးချုပ်သွားရမှာ အဲဒီတော့ NCA လက်မှတ်ထိုးတုန်းက ကျွန်တော်ပြောခဲ့သလိုပဲ။ ကျွန်တော်တို့ အားမနာတမ်းရဲရဲတောက်သတ်ဖြတ်ခဲ့သလို အခုငြိမ်းချမ်းရေးယူတဲ့နေရာမှာလည်းပဲ ကျွန်တော်တို့ သတ္တိရှိရှိနဲ့ သွားရမှာဖြစ်ပါတယ်။အခုအခြေအနေက ကျွန်တော့်ခံယူချက်အနေနဲ့က ကျွန်တော်တို့တိုင်းပြည်ပြဿနာက ကျွန်တော်တို့စားပွဲပေါ်မှာပဲ သွားရမှာဖြစ်တယ်။အားမနာတမ်း ကျွန်တော်တို့ သတ္တိရှိရှိသတ်ဖြတ်နေကြမယ်ဆိုရင် ကျွန်တော်တို့ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။

 

ကျွန်တော်တို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့မျက်နှာချင်းဆိုင်အပြန်အလှန် စားပွဲပေါ်မှာဆွေးနွေးရမှာပဲဖြစ်တယ်။ဆက်လက်ပြီး နိဂုံးချုပ်အနေနဲ့ ဒီပြဿနာကို ကျွန်တော့်ကိုလာမေးတိုင်း အဘိုးကြီးအိုခါးကုန်းကုန်း ကျောင်းနေတုန်းကအတိုင်း ကျွန်တော်ရွတ်ပြတယ်။နောက်ဧပြီလကျရင် ၈၉ နှစ်ပြည့်ပြီ။ကျွန်တော် မသေသေးပါဘူး။ဒါကြောင့်မို့ နောက်နှစ်အခါ ဒီအဘိုးကြီးကြည့်ချင်တဲ့ပွဲဟာ ငြိမ်းချမ်းရေးပွဲဖြစ်ပါတယ်။ အခုလိုပွဲမျိုး မဟုတ်ပါဘူး။အခုလိုပြောနေတာတွေက တစ်ဖက်က ခေါင်းဆောင်တွေကြားမှာပဲလို့ ယုံကြည်ပါတယ်။ဒါကြောင့်မို့ အခုလိုဖြစ်တဲ့ပြဿနာတွေကို စားပွဲပေါ်မှာတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့ပဲဖြစ်ပါတယ်။အာဃာတရားအမုန်းတရားတွေအခြေခံနဲ့ ဖြေရှင်းသွားလို့မရဘူး။ဒီလိုလူသတ်ပွဲတွေနဲ့ ဖြေရှင်းသွားလို့မရဘူး။စားပွဲပေါ်မှာ လမ်းရှာရင်း ဖြေရှင်းသွားကြဖို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်"ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။

 

အဆိုပါ ညီလာခံသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ဟံသာ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က သဘာပတိများအဖြစ် တာဝန်ယူခဲ့ကြကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group