#LocalNews
Published - 22 March 2022

 

အိန္ဒိယ-မြန်မာနယ်စပ်တွင် လုံခြုံရေးတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အချို့တို့ကြား ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

သို့သော်လည်း လက်ရှိ တမူးမြို့ပေါ်၏ လုံခြုံရေးအခြေအနေကတော့ ကောင်းမွန်နေဆဲဖြစ်တယ်လို့ အဆိုပါမြို့နေဒေသခံတွေက ပြောပါတယ်။

 

အဆိုပါ တိုက်ပွဲတွေဟာ ပြီးခဲ့သောရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

"မြို့ပေါ်မှာက အေးချမ်းပါတယ်။ ဖြစ်တာက နယ်စပ်ပေါ့လေ၊ မြို့ရှောင်လမ်းပေါ်မှာဖြစ်တာပါ။ပြောရရင် အိန္ဒိယနဲ့ကိုယ်တို့က ခြံစည်းရိုးပဲခြားတာကိုး တမူးကနေ ဟိုဘက်ကိုသွားရင် အိန္ဒိယကိုရောက်ပြီ အဲ့ကြားထဲမှာ တိုက်ပွဲဖြစ်တာပေါ့၊ ရင်ဆိုင်တိုက်ပွဲတော့ မဟုတ်ပါဘူး။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အချို့က မိုင်းလာထောင်ကြတယ်။ လုံခြုံရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်။တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အဝေးကနေပစ်ကြတယ်လို့ သိရတယ်။ အဲ့လောက်ပါပဲ၊ နယ်စပ်မှာပဲဖြစ်ခဲ့တာပါ။မြို့ပေါ်မှာတော့ ဘာမှမဖြစ်ခဲ့ပါဘူး။"လို့ တမူးမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

အဆိုပါ တမူးဒေသတွင် လက်ရှိကာလမှာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းမျိုးမရှိဘူးလို့လည်း ၄င်းကပြောပါတယ်။

 

ယင်းနှစ်ဖက်အဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေသာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်အခြေအနေက ပုံမှန်အနေအထားမှာရှိတယ်လို့ သိရပါတယ်။

 

"အခုက သွားသွားလာလာပုံမှန်ပါပဲ။လမ်းပန်းဆက်သွယ်ရေးတွေလည်း ပုံမှန်ပါပဲ ကောင်းပါတယ်။ တမူးနဲ့ ကလေးကြားလည်း သွား ရေးလာရေးက ကောင်းပါတယ်။ သူတို့တိုက်ပွဲဖြစ်တဲ့ အချိန်တော့ ခဏလေး ရှောင်ရတာပေါ့။ ပြီးရင်ပြန်သွားရတယ် ၊ သိပ်ကြီးကြီး မားမားဖြစ်ခဲ့တာတော့မရှိပါဘူး။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ymg/kg
#Yangon_Media_Group