#LocalNews
Published - 21 March 2022

 

     အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်းပြတ်တောက်နေသည်မှာ လဝက်ခန့်ရှိလာပြီး အခုလို အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် ဒေသခံများအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

 

     အဆိုပါတမူးမြို့တွင် ဝိုင်ဖိုင်လိုင်းအချို့သာရရှိနေပြီး တချို့မြို့နေဒေသခံများကတော့ အင်တာနက်အသုံးပြုဖို့အတွက် အိန္ဒိယကတ်များကို ဝယ်ယူသုံးစွဲနေရတယ်လို့ ဆိုပါတယ်။

 

     "အင်တာနက်က လုံးဝမရဘူး။ အတော်လေးအခက်အခဲဖြစ်ပါတယ်။ ဘာသတင်းအချက်အလက်မှ မသိရတော့ဘူးပေါ့။ အခုဆိုရင် လိုင်းတွေပြတ်တာ လဝက်လောက်ရှိလာပြီ။ အခုထိ ပြန်မရသေးဘူး၊ ကြိုး Wifi လိုင်းတွေတော့ရတယ်။ သူကလည်း အရင်ရှိပြီးသားသူ တွေပဲ သုံးလိုရတာ။ အခုမှ တပ်ချင်ရင်တစ်လစောင့်ရမယ်ပေါ့။ ဒါတောင် တပ်ချင်တိုင်းတပ်လို့မရဘူး။ တချို့ကျတော့လည်း အိန္ဒိယကတ်တွေဝယ်သုံး ဒီလိုပဲ အဆင်ပြေအောင်လုပ်နေရပါတယ်။ အင်တာနက်သုံးပြီး လုပ်ရတဲ့အလုပ်တွေကတော့ အခုအချိန်မှာ ရပ်ထားရတာပေါ့။"လို့ တမူးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

     

     လက်ရှိ တမူးမြို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရမှုကြောင့် စီးပွားရေးနှင့် အခြားသောလုပ်ငန်းများလုပ်ဆောင်ရာမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ စစ်ကိုင်း၊ ရွှေဘို အစရှိသည့် မြို့အချို့တွင်သာ အင်တာနက်လိုင်းများရရှိနေတာဖြစ်ပါတယ်။

 

     "စစ်ကိုင်းတိုင်းထဲမှာဆို ၄ မြို့နယ်ပဲ အင်တာနက်ရတယ်ပြောတယ်။ မြို့ကြီးတွေပေါ့ ကျန်တဲ့နေရာတွေကတော့ အင်တာနက်လုံးဝမရပါဘူး။" လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

     အခုလို မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းများကိုလည်း လက်ရှိကာလမှာ ခေတ္တရပ်နားထားရတယ်လို့ ဆိုပါတယ်။

 

     မိုဘိုင်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် တမူးမြို့ဒေသခံများအနေနဲ့ မြန်မာငွေကျပ် တစ်သောင်းကျော်ပေးဝယ်ရသည့် အိန္ဒိယကတ်များကိုသာ ယာယီ ဝယ်ယူသုံးစွဲနေရတယ်လို့လည်း တမူးမြို့ဒေသခံတွေက ပြောပြခဲ့ပါတယ်။

 

ymg/kg
#Yangon_Media_Group