#LocalNews
Published - 21 March 2022

 

     ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ နယ်မြေ(၁၂)၊ စံပယ်လမ်းရှိ လူနေတိုက်အိမ်မီးလောင်မှုဖြစ်ပွားရာမှ အဆိုပါ တိုက်အိမ်တွင်နေထိုင်သူ အမျိုးသမီး(၃)ဦးသေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

     အဆိုပါ တိုက်အိမ်မီးလောင်မှုဟာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိ အမျိုးသမီး (၃)ဦးဟာ အောက်စီဂျင်ပျက်ကာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံကြက်ခြေနီအသင်းထံမှ သိရပါတယ်။

     မီးလောင်သည့်ထဲတွင် ပါသွားသည့် အိမ်ရှင်သမီး(၂)ဦးသည် တက္ကသိုလ်ဝင်တန်းအောင်ပြီးသူ အသက်(၁၉)နှစ်အရွယ်တစ်ဦး၊ အသက် (၁၀)နှစ်အရွယ်တစ်ဦးနှင့် အိမ်ရှင်၏ တူမဖြစ်သူ အသက်(၁၄)နှစ် အရွယ်တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

 

     "မီးလောင်ဒဏ်ရာ သတိလစ် စိုးရိမ်းရသူ(၁)ဦး၊ သတိလစ်စိုးရိမ်ရသူ ( ၂ )ဦး စုစုပေါင်း ဒဏ်ရာရရှိသူ အမျိုးသမီး (၃)ဦးကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဆေးရုံအရောက်မှာ အောက်ဆီဂျင်ပြတ်ပြီးတော့ ၃ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။"လို့ ဒေသခံကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

     အဆိုပါ မီးလောင်မှုကို ရှမ်းပြည်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မနက်(၀၀ ၄၀)အချိန်တွင် မီးငြိမ်းခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group