#WeatherReport
Published -21 Mar 2022

 

     ရခိုင်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက်ရှိ ပြည်သူများအနေနဲ့မုန်တိုင်းလွတ်ရာ Cyclone Shelter များသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ဒေသအာဏာပိုင်များမှ တိုက်တွန်းလှုံ့ဆော်ပေးနေတယ်လို့ သိရပါတယ်။

 

     ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းတိုက်ခိုက်ရာလမ်းကြောင်းတွင် ကျရောက်နိုင်သော ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေမြို့များရှိ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးနှိုးဆော်ချက်များအတိုင်း ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရန် တိုက်တွန်းထားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရ သိရပါတယ်။

 

     မတ်လ ၂၁ နံနက် ၁၀နာရီ ၃၀ မိနစ် အချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

     အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း အနီးသို့လည်းကောင်း၊ မတ် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတမ်းအနီးသို့လည်းကောင်း ရောက်ရှိလာမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group