#LocalNews
Published_ 20 March 2022

လျှပ်စစ်မီးတွေပြတ်တောက်ပြီး အလှည့်ကျမီးပေးနေရတဲ့ ယခုအချိန်မှာ လျှပ်စစ်ဓာတ်အားပိုမိုရရှိစေဖို့ အတွက် ရွှေဓာတ်ငွေ့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ၃၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ ပိုမိုရရှိဖိုဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နစကရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးအောင်သန်းဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌လက်ရှိဓာတ်အားထုတ်လုပ် မောင်းနှင်လျက်ရှိသော ဓာတ်အားပေး စက်ရုံများနှင့် စီမံကိန်းတို့ ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူဒေသမှရရှိသော ရွှေဓာတ်ငွေ့ ခွဲတမ်းကို တစ်ရက်လျှင် ကုဗပေသန်း ၂၀ အသုံးပြု၍ ယခင်က ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်သုံးဓာတ်အား ပေးစက်ရုံ (၂) ရုံဖြင့် ၉၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ခဲ့သော်လည်း အဆိုပါစက်ရုံများသည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၌ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား ပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ၄၅ မဂ္ဂါဝပ် စက်ရုံ (၁) ရုံကို သက်တမ်းတိုးပြီး ဆက်လက် ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုပြင် ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံ (၁) ရုံ ကို ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း LNG ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသည့်အတွက် ရရှိထားတဲ့ ရွှေဓာတ်ငွေ့ကို တစ်ရက်လျှင် ကုဗပေသန်း ၃၀ ပိုမိုရရှိနိုင်ရေး ညှိနှိင်းဆောင်ရွက်ခဲ့ပြီး ဓာတ်အား ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် (၁၅၀) မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

လက်ရှိ ကျောက်ဖြူဒေသတွင် ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦများ၏ အနေအထားအရ ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၂၀ သာ ထုတ်ယူ သုံးစွဲနိုင်သောကြောင့် တစ်ရက်လျှင် ရွှေဓာတ်ငွေ့သန်း ၅၀ အထိ တိုးတက်ရယူသုံးစွဲနိုင်ရန် ပိုက်လိုင်း အခြေခံအဆောက်အဦများကို တိုးချဲ့ပြင်ဆင်ခြင်း လုပ်ငန်းများအား ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။

ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှ အသုံးပြုခဲ့သော ရွှေဓာတ်ငွေ့တစ်ရက် ကုဗပေ ၁၀ သန်း ကို ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်အစား သဘာဝဓာတ်ငွေ့သုံးစက်ရုံသို ပြောင်းလဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ၅၀ မဂ္ဂါဝပ်ကို တိုးမြှင့်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာကဝန်ကြီးဌာနက ပြောပါတယ်။

ထိုဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦ တိုးချဲ့ပြင်ဆင် ခြင်း လုပ်ငန်းများသည်လည်း မေလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကာ ဆောင်ရွက်ပြီးစီး ချိန်မှစတင်၍ ၁၅၀ မဂ္ဂါဝပ်အထိ တစ်ရက်လျှင် ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ကို အသုံးပြုပြီး ဓာတ်အားတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။

ထို့ ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီအမီ ရွှေဓာတ်ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဲဒီအပြင် အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တိုတွင် နှစ်စဉ်ပုံမှန်ဆောင်ရွက်နေကျ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို ယခင်ကဧပြီလတွင် ပုံမှန်ပြုလုပ်ခဲ့သော်လည်း ယခုသတ်မှတ် ချိန်ထက်စော၍ဆောင်ရွက်စေကာ အဆိုပါစက်ရုံများသို ထောက်ပံ့ပေးထားသော ကုန်းတွင်း သဘာဝဓာတ်ငွေ့ကို ရွာမဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များသို ပြောင်းလဲထောက်ပံ့ကာ လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

#ymg_mnn
Yangon_Media_Group