#LocalNews
Published- 16 Mar 2022
မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့ “Hana Microfinance” အသေးစားချေးငွေရုံးမှ ဝန်ထမ်းအမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက်ကာငွေတောင်းခံ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာမကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့ အမှတ် (၆)ရပ်ကွက် အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမည်မသိလူ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက သွားရောက်စစ်ဆေးရာ အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် ရုံးအတွင်း တစ်ဦးတည်းရှိနေစဉ် Mask အနက်များ တပ်ဆင်ထားသူ ၂ ဦးက ရုံးအတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့် ချိန်ရွယ်ပြီးငွေသေတ္တာအား ဖွင့်ပေးရန်ပြောဆိုသဖြင့် ဝန်ထမ်းအမျိုးသမီးမှာ ကြောက်လန့်၍ ရုံးအနောက်ဘက်အခန်းသို့ ထွက်ပြေးရာ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့တာကြောင့်ဝန်ထမ်းအမျိုးသမီး၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်သွားခဲ့ပြီး အဆိုပါလူ၂ ဦးမှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဝန်ထမ်းအမျိုးသမီးအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပခုက္ကူ ဆေးရုံသို့ ပို့ ဆောင်ဆေးကုသပေးစေခဲ့ပြီး သေနတ် သမား ၂ ဦးအား ဖမ်းဆီးရမိရေး လိုက်လံပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group