#LocalNews
Published-15 Mar 2022


လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံခဲ့တဲ့မိုင်းကိုင်မြို့နယ် တအာင်းပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးသတ်ဖြတ်သည် ဆိုသည့်သတင်းမှာ အရင်းအမြစ်မရှိသည့် ကောလဟလ သတင်းများသာဖြစ်ပြီး RCSS/SSAက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ရာတွင်အဆိုပါကိစ္စနှင့်ပတ်သတ်၍ နမ့်ဆန်မြို့ရှိ တအောင်း(ပလောင်)အမျိုးသားပါတီ ဥက္ကဌ ဦးခွန်ရီသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီထံသို့ စာရေးပြီး အကူအညီတောင်းခံလာသဖြင့်RCSS ဗဟိုဌာနချုပ်သည် မိုင်းနုမ်ဟန်မိသားစု ဖမ်းဆီးခြင်းကိစ္စကို စီစစ်ပြီး တွေ့ရှိချက်အရ လူမှုကွန်ယက်ပေါ် ကောလာဟလ သတင်းများနှင့် ဥက္ကဌ ဦးခွန်ရီ၏ စာတွင် ဖေါ်ပြထားသည့်အတိုင်း မဟုတ်ပါကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် RCSS ၏ အတွင်းရေးမှုး(၁) ဗိုလ်မှူးကြီး စိုင်းငင်းမှ စာရေးပြီး အကြောင်းပြန်ကြားရှင်းလင်းပြခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းကိုင်မြို့နယ် တအာင်းပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန်နှင့် မိသားစုအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ရွှေဖီမြေသတင်းဌာနမှ လူမှုကွန်ရက်ပေါ် တင်ပြသည့် သတင်းများသည် အရင်းအမြစ်မရှိပဲ RCSS/SSAတပ်ဖွဲ့အပေါ် တမင်တကာ စွပ်စွဲခြင်းသာဖြစ်ပြီးရွှေဖီမြေသတင်းဌာနတွင် ဖေါ်ပြထားသည့် တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် မိုင်းနုမ်ဟန်၊ သူ၏ဇနီးနှင့် (၇) လအရွယ်သမီးအပါ မိသားစုလုံးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု မန်လော့ကျေးရွာအနီးတဝိုက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသော်လည်း မန်လော့ဆိုသည့်ကျေးရွာသည် တုံလောကျေးရွာအုပ်စုတွင်း တည်ရှိခြင်းမရှိကြောင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားပါတယ်။

ထို့အပြင်RCSS/SSA တပ်ဖွဲ့သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပေါ်လစီကို အမှတ်စဥ်(၁) အဖြစ် ချမှတ်ထားခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရာတွင်လည်း သျှမ်းပြည်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် ဆောင်ရွက်ချက်မျိုး လုံးဝမပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားသည့် တပ်ဖွဲ့ဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။

ymg/hm
#Yangon_Media_Group