#LocalNews
Published- 14 Mar 2022

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး Home Isolation ထားရှိသူနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသူ(၁၂)ဦးတို့ ရောဂါပျောက်ကင်းသွာတာကြောင့်ဆေးရုံဆင်းလက်မှတ်များပေးအပ်ကာ နေအိမ်အသီးသီးတွင် Home Quarantine (၇)ရက် အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရောဂါပိုးတွေ့ရှိသူများမှာ လေယာဉ်စီးနင်းလိုက်ပါကြမည့်ခရီးသည်များ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူများဖြစ်ပြီး ကျန်းမာရေးဌာန၏လမ်းညွှန်ချက်ဖြင့် Home Isolation ထားရှိသူ(၈)ဦးနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ(၄)တို့မှာ ယခုအခါ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်သဖြင့် ၎င်းတို့၏နေအိမ်အသီးသီးတွင် Home Quarantine (၇) ရက် အသွားအလာကန့်သတ်၍ နေထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

"အားလုံးကို နေအိမ်မှာ ၇ ရက်နေထိုင်ဖို့ ကန့်သတ်ထားပါတယ် ရခိုင်ပြည်နယ်အနေနဲ့က ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုစတင်တာကြောင့် ယခုလို အိုမီခရွန်ဖြစ်ပွားနေတဲ့ကာလမှာ ကျန်းမာရေးအရ စစ်ဆေးမှုကိုတင်းကြပ်ထားပါတယ်"လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ၂၈ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၅၃)ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသူပေါင်း(၄၄)ဦးရှိကာ လက်ရှိတွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ (၆)ဦးနှင့် Home Isolation ထားရှိသူ (၃)ဦး၊ စုစုပေါင်း(၉)ဦးသာကျန်ရှိကာ သေဆုံးသူမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

 

ymg/hm
#Yangon_Media_Group