#LocalNews
Published - 8 March 2022

 

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ ပန်းခင်းစီမံချက်အရ မှတ်ပုံတင်လုပ်ရာမှာ တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးခဲ့တယ်လို့ ဝန်ကြီးဦးခင်ရီက ဆိုပါတယ်။

 

ဒါ့အပြင် နေပြည်တော်အတွင်း ၆၂,၃၉၁ ဦးကို နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးမှာ လျာထားချက် ရာနှုန်းပြည့်ထက် ကျော်လွန်ပြီးမြောက်အောင်မြင်သွားတယ်လို့ နေပြည်တော်မှာကျင်းပတဲ့ ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲအခမ်းအနားမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို လုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

 

ပန်းခင်းစီမံချက်ဟာ ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ရမယ့် စီမံချက်တစ်ခုဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတုန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲပေးခဲ့သူ ၄ ဒဿမ ၆ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

နေပြည်တော်အတွင်း ကျေးရွာပေါင်း ၇၉၆ ရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၂,၃၉၁ ကတ်ထုတ်ပေးဖို့ လျာထားခဲ့ရာ ယခုအခါ ၆၇,၁၆၇ ကတ် ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၇ ဒဿမ ၆၅ ရာခိုင်နှုန်း ပြီးစီးဖြစ်တဲ့အတွက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် ကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group