#LocalNews
Published_8 March 2022

 

အခေါက်ရွှေတစ်ကျပ်သားကို မြန်မာကျပ်ငွေ သိန်း ၂၀ ကျော် ဖြစ်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

 

ပြီးခဲ့သည့် လကပင် ရွှေဈေး တရိတ်ရိတ်တက်လာခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှား စစ်မက်အရေးကိစ္စကြောင့် ကမ္ဘာ့ရွှေဈေး တက်လာ၍ ပြည်တွင်းရွှေဈေးလည်း တက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 

"ကျွန်တော်တို့ ရန်ကုန်မှာ ရွှေက အဝယ်မလိုက်ဘူး။ရောင်းတဲ့သူပဲ များနေတာ။ဈေးကွက်မှာ ရွှေပေါတယ်။ဒါပေမယ့် ဈေးကမကျ။မကျတာက ကမ္ဘာ့ဈေးကြောင့်ပါ။ကမ္ဘာ့ဈေးကလည်း ယူကရိန်းနဲ့ ရုရှားကိစ္စပေါ့။သူတို့နှစ်နိုင်ငံ ဆွေးနွေးတာအဆင်ပြေတယ်ဆိုရင် ရွှေဈေးက အပြောင်းအလဲ ရှိတယ်။ မနေ့ကတောင် နည်းနည်းကျတယ်။ဒီနေ့ကတော့ မနေ့ကထက် တက်လာတာကိုတွေ့ရတယ်"ဟု ယင်းကပြောသည်။

 

ယနေ့ မတ်လ (၈) ရက်ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 2,016,000(သိန်းနှစ်ဆယ်တစ်သောင်းခြောက်ထောင်)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၀၁၈ ဖြစ်သွားခဲ့သည်။

 

မတ်လ ၇ ရက် ယမန်နေ့ ညနေတွင် အကယ်ဒမီ မီးလင်းရွှေတစ်အပိတ်ဈေးမှာ တစ်ကျပ်သားလျှင် 1,990,000(တစ်ဆယ့် ကိုးသိန်း ကိုးသောင်း)ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၉၅ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ သိရသည်။

 

ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ် ပုံမှန်ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ်လုပ်နေကြသော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်လာရောက်ရောင်းချနေသူများနေကြောင်းလည်း သိရသည်။

 

ymg/mt
Yangon_Media_Group