#local_news
Published_ 6 March 2022

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ အာရှစိမ်းလန်းဖွံဖြိုးရေး (AGD) ဘဏ်အား ဓားပြတိုက်မှုကိုကျူးလွန်ခဲ့တဲ့ ဆေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦးအပါအဝင်ကျူးလွန်သူတွေကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် AGD Bank ၌ ဘဏ်ဓားပြတိုက်သူများက HIACE အမျိုးအစားခဲရောင်ယာဉ်ဖြင့် ဘဏ်သို့ရောက်ရှိလာခဲ့ပြီး WIFI တပ်ဆင်သူများ အသွင်ဖြင့် လုံခြုံရေးဝန်ထမ်း ၃ ဦးအားသေနတ်ဖြင့်ထောက်၍ ချုပ်နှောင်ကာ မီးခံ သေတ္တာအား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲပြီး ဘဏ်စာရွက်စာတမ်းများ၊ CCTV ထိန်းချုပ် စက်၊ ကွန်ပျူတာများနှင့် ငွေကျပ်သိန်း ၆၀၀ ကျော်တိုအား ယူဆောင်သွားခဲ့ပါတယ်။

ဓားပြတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် ဓားပြတိုက်မှုဖြစ်စဉ်၌ တရားခံများ အသုံးပြုခဲ့သည့် Toyota HIACE (ခဲရောင်)ယာဉ်အား မှတ်တမ်းတိုက်ဆိုင် စစ်ဆေးခဲ့ရာ ယာဉ်ပိုင်ရှင်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ နှင်းဆီဖြူ လမ်းနေ ဒေါက်တာကောင်းချစ်စိုး ပိုင်ဆိုင်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား စောင့်ကြည့်မှုများပြုလုပ်ခဲ့ရာ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်သောတရားခံ ရှိင်းထက်အောင် (၂၈)နှစ်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၌ ယာဉ်အမှတ်၊ 4N/7883 Nissan ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ရှိင်းထက်အောင်၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် ဘဏ်ဓားပြတိုက်မှု အား ဦးဆောင်သူ ဒေါက်တာကောင်းချစ်စိုး၏ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ နှင်းဆီဖြူလမ်းရှိနေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အတွင်း၌ ဒေါက်တာ ကောင်းချစ်စိုး (၃၄)နှစ်၊ သီဟအောင် (၂၈)နှစ်၊ ပြည်သိမ်းခိုင် (၂၈)နှစ်၊ ပိုင်စစ်(ခ) ပိုင်စစ်သွေး (၂၅)နှစ်တို ၄ ဦးအား ငွေစက္ကူ ရောရာ ၅,၀၆၉,၅၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၈၀၀၀၊ လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော သံကျောက်ဖြတ် အဝိုင်းပြား ၁၅ ပြား၊ တူ ၂ လက်၊ သံတူရွင်း ၂ ချောင်း၊ ကတ်ကြေး ၂ လက်၊ ယာဉ်အမှတ်၊ 8K/2658 Toyota HIACE (ခဲရောင်)မော်တော်ယာဉ် ၁ စီး တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦးအား ငွေစက္ကူရောရာ ၅,၀၆၉,၅၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၈၀ ရွက် (ဒေါ်လာ ၈၀၀၀) ၊ လက်ကိုင်ဖုန်းမျိုးစုံ ၄ လုံး၊ CCTV အထိုင်စက် ၁ လုံး၊ Hard Disk ၉ ခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်လို့ သိရပါတယ်။

ဘဏ်ဓားပြတိုက်ရာတွင် ရရှိခဲ့သော ငွေသိန်း ၆၁၀ ကျပ်အား ကောင်းချစ်စိုးသည် သီဟအောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်၊ ရှိင်းထက်အောင်တို့ ၄ ဦးအား တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီ ခွဲဝေပေးခဲ့ပြီး ကျန်ငွေများအား ၎င်းမှ ယူဆောင်ခဲ့ကာ ၎င်းငွေများမှ ကျပ်သိန်း ၁၆၀ အား အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ခဲ့ရာ ဒေါ်လာ ၈,၀၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာကောင်းချစ်စိုးဟာ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျော်စိန်ဝင်းထံသို့ ပြန်လည်ပေးအပ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှင့်ပတ်သက်၍ လိုက်လံရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သောကြောင့် ကျော်စိန်ဝင်းထံမှ မော်တော်ယာဉ်အား ငွေကျပ် သိန်း ၂၅၀ ဖြင့် အပိုင်ဝယ်ယူခဲ့ကြောင်း၊ ၎င်းနောက် ကောင်းချစ်စိုးဟာ လုယက်ရာမှ ရရှိသည့် ငွေများဖြင့် ယာဉ်အမှတ်၊ 4N/7883 Nissan ယာဉ်အား ငွေကျပ် သိန်း ၉၀ ဖြင့် ထပ်မံဝယ်ယူခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒေါက်တာကောင်းချစ်စိုးဟာ ၂၀၁၉ခုနှစ်မှာ ဇနီးဖြစ်သူနှင့်အတူ ဆေးဆိုင်ဖွင့်လှစ်ရောင်းချခဲ့ရာ ဆေးပစ္စည်းများအရှုးပေါ်တဲ့အတွက် ဆေးကုမ္ပဏီတွေနှင့် ငွေကြေးပြဿနာတွေဖြစ်ပြီး အမှုရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအတွက် ငွေကြေးလိုအပ်မှုကြောင့် ဘဏ်ဓားပြတိုက်မှုကို သူ့ကုမ္ပဏီက ဝန်ထမ်းတွေနှင့်အတူ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ အမှုစစ်ဆေးရာမှသိရှိရတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

#ymg_mnn
Yangon_Media_Group