#LocalNews
Published- 4 March 2022

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နှင့် ၁၀၉ တို့ဖြင့် စွဲချက်တင်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

 

မတ်လ ၃ ရက်က စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဥပဒေကိုကျော်လွန်ပြီး ပြုလုပ်ခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၀၉ အမှုကို လျှောက်လဲချက်ပေး၍ စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ရခိုင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်၍ ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)ဖြင့် ဦးစွာတရားစွဲဆိုပြီးနောက် ရွေးကောက်ပွဲဆိုင်ရာဥပဒေဖောက်ဖျက်မှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၀၉ ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့ခြင်းလည်းဖြစ်သည်။

 

“မနေ့က စွဲချက်လျှောက်လဲချက်ပေးပြီး စွဲချက်တင်ပါတယ်။ အမှုကို ၁၀ ရက်နေ့ ထပ်ပြီးရုံးချိန်းလိုက်ပါတယ်။ အဲဒီနေ့မှာတော့ တရားလိုရယ် ၊ လိုပြသက်သေတွေရယ်ကို ပြန်ပြီးတော့စစ်ဆေးသွားမှာပါ”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။

 

ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရပြီးလည်း ဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ရခိုင်ပြည်နယ်တရားရုံးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-(၅၅)ဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ရာတွင် ဝန်ကြီးချုပ်ဟောင်း ဦညီပု၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခဲ့သည်။

 

ယင်းအပြင် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကိုမူ ထောင်ဒဏ် ၇ နှစ်အဖြစ်လည်းကောင်း ၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ထောင်ဒဏ် ၃ နှစ်စီ ဖြင့်လည်းကောင်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါ ၎င်းတို့အားလုံးမှာ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိသည်။

 

ymg/mt
#Yangon_Media_Group