#LocalNews
Published- 3 Mar 2022

 

ပြည်တွင်းက ဆီစားသုံးမှုမှာအခြေခံလူတန်းစားတွေအားထားစားသုံးနေရတဲ့ စားအုန်းဆီစျေးနှုန်းမှာ မတ်လ ၃ ရက်နေ့ စျေးကွက်ပေါက်စျေးတွင် တစ်ပိသာကျပ် ၇,၅၀၀ ထိမြင့်တက်လာတာကြောင့် စားသုံးသူများအခက်တွေ့လာရတယ်လို့သိရပါတယ်။

 

ဖေဖော်ဝါရီလ ပထမအပတ်မှာ စားအုန်းဆီ တစ်ပိဿာ ၅,၀၀၀ ကျပ် ဈေးရှိခဲ့သော်လည်း တတိယအပတ်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၅,၄၅၀ ကျပ်ထိ ဈေးတက်လာခဲ့ကာ ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်းပိုင်းမှာတော့ ငွေကျပ် ၇,၅၀၀ထိ မြင့်တက်လာတာဖြစ်ပါတယ်။

 

ယခင်က ပြည်တွင်းစားသုံးသူတွေအနေနဲ့ ပြည်ပကတင်သွင်းရောင်းချတဲ့ ဟင်းသီးဟင်းရွက်ဆီကို စားသုံးခဲ့ကြသော်လည်း ယခုအခါစျေးနှုန်းမြင့်တက်လာမှုကြောင့် စားအုန်းဆီကို ပြန်လည်စားသုံးလာကြတာကြောင့် ဝယ်လိုအားများနေပြီး တဖက်မှာလည်း သယ်ယူပို့ဆောင်စရိတ်ကြောင့် လက်လီလက်ကားစျေးကွက်မှာလည်း မြင့်တက်လာနေတယ်လို့သိရပါတယ်။

 

"စားအုန်းဆီဈေးကတော့ ဆက်တိုက်တက်တယ်။ စားအုန်းဆီဈေး ဝယ်လိုအားများပြီး ဈေးလည်းတက်နေတယ် အဓိကက သယ်ယူပို့ဆောင်ခ စရိတ်ပေါ့။ ကားခတွေ သယ်ယူပို့ဆောင်ခတွေဈေး‌တက်တော့ အကုန်လိုက်တက်ကုန်တယ်" လို့ အခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးက ပြောပါတယ်။

 

"အရင်ကတော့ မေဇင်တို့ဘာတို့ဝယ်စားတာပဲ နောက်ပိုင်းတော့ သက်သာတဲ့စာအုန်းဆီကိုပဲ ဝယ်သုံးနေရတာလေ အကုန်လုံးကတော့စျေးတက်နေတာပဲ ကိုယ့်ဝင်ငွေနဲ့သင့်တော်တာလေးတွေ ဝယ်စားနေကြတာပဲ"လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။

 

၂၀၂၂ ခုနှစ်ဇန်နဝါရီလလယ်ကစတင်ပြီး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် နဲ့ ဆီ ဈေးနှုန်းတွေ မြင့်တက်လာနေသလို အခြေခံလူတန်းစားမိသာစုတွေရဲ့ ဝင်ငွေအလုပ်အကိုင် လျော့နည်းလာတာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲပြသာနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group