#LocalNew
Published- 3 March 2022

 

မလေးရှားနိုင်ငံ Berjaya Land Bhd's (Bland) ကော်ပိုရေးရှင်းအနေဖြင့် မြန်မာနိုင်ငံရန်ကုန်မြို့တွင် အိမ်ရာနှင့် ရောနှောဖွံ့ဖြိုးရေးစီမံကိန်းသဘောတူညီချက်(Concession Agreement - CA) ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်းက ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်ပသတင်းဌာနများတွင် ရေးသားထားကြသည်။

 

Berjaya Land Berhad (BLand) က ရန်ကုန်တိုင်းဒေသကြီးအတွင်း ၎င်း၏ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်သော လုပ်ငန်းခွဲ BDS Smart City Co., Ltd. အနေဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၇၈၀ ကျော် ရင်းနှီးမြှုပ်နှံမည့် အိမ်ရာနှင့် ဘက်စုံသုံးစီမံကိန်းအတွက်သဘောတူညီချက်ကို ရပ်စဲရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(YRG)ထံ မတ်လ ၁ ရက်က စာပေးပို့အသိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

 

၎င်းတို့အနေဖြင့် ရပ်ဆိုင်းနှုတ်ထွက်သော်လည်း အစုရှယ်ယာရှင်များ၏ အစုရှယ်ယာများအပေါ် သက်ရောက်မှုမရှိကြောင်းလည်း developer က ပြောကြားထားကြောင်းသိရသည်။

 

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၇၈၀ ကျော်တန်ဖိုးရှိ စီမံကိန်းတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BDS Smart City Co., Ltd တို့အကြား Concession Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းစီမံကိန်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်ရှိ မြေဧရိယာ(၁၈၃)ဧက ခန့်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ BDS Smart City Project ကိုအပိုင်း(၁၂)ခုဖြင့် ခွဲခြားထားပြီး Affordable Housing, High End residential, Shop Lots, Shop House, School, Hospital, Community Centre များနှင့် Mix development project အဖြစ် တည်ဆောက်သွားရန်၊ Project တစ်ခုလုံး၏ Gross Development Value (GDV) မှာ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၇၂ သန်းရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

 

Project ကာလမှာ ၆ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် Affordable Housing ကို Net Floor Area (NFA) (၂၄၂,၇၉၉ ဒသမ ၅၂) စတုရန်းမီတာနှင့် ညီမျှသော အိမ်ခန်းယူနစ်ပေါင်း (၃,၈၄၈)ယူနစ်၊ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၂)သန်းကျော်ကို ဆောက်လုပ်ပေးရန်လည်း သဘောတူခဲ့ကြသည်။

 

ymg/mt
photo-YRG
#Yangon_Media_Group