#LocalNews
Published - 1 March 2022

ကချင်ပြည်နယ် ဖားကန့်မြို့ မမုံရွာ နှင့် မနရွာကြား ၁၁၁ YTT လုပ်ကွက်တွင် မြေစာပုံပြိုကျမှု ဖေဖော်ဝါရီလ ၂၈ ရက် ည ပိုင်းက ဖြစ်ပွားခဲ့ရာ လူ ဦးရေ ၅၀ ခန့် နှင့် စက်ယန္တရား ၅၀ ခန့် ပါသွားကြောင်း သိရသည်။

"လောလောဆယ်ဝင်လို့မရသေးဘူး။အန္တရာယ်နည်းနည်းများလို့ပါ၊ဖြစ်တာက ညက ၁၁ နာရီလောက်ကပေါ့၊အကြောင်းကြားတာကတော့ ဘက်ဟိုး ၅၀ လူ ၅၀ လောက်ပါတယ်ပြောတယ်၊မမုံရွာနဲ့ မနရွာကြားထဲက ၁၁၁ YTT လုပ်ကွက်ကမြေစာပုံပြိုကျတာပါ၊လူတော့ ထိခိုက်မှု ရှိမယ်"ဟု ဒေသခံ ပရဟိတ လုပ်ငန်းလုပ်နေသူ တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ခန့်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းလုပ်ကွက်အတွင်း မနကျေးရွာအနီး လုပ်ကွက်ဟောင်းတစ်ခု၌ နွံကန်ပေါက်ကျခဲ့သဖြင့် လူနေအိမ် သုံးလုံးနှင့် ဆိုင်ကယ်စီး ရေ ၂၀ ခန့် မျောပါသွားခဲ့ကြောင်းမျောပါသွားခဲ့သည့်အထဲမှ ဆိုင်ကယ်အချို့ ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း ဖားကန့်ရှိ မနမှော် လုပ်ကွက်ဟောင်းအတွင်းမှ နွံ ကန်ပေါက်ပြီး မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူ ၂ ဦးသေဆုံးပြီး ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးသည်။

YMG/MT
Yangon_Media_Group