#LocalTravel
Published 24 Feb 2022

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ၊ ဒေသအခြေပြု ခရီးသွား လုပ်ငန်း ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းသစ်များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သိရသည်။

"ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့လက ပျူမြို့ဟောင်း ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အပျော်တမ်း စက်ဘီးစီးပွဲတော်ကို လုပ်ခဲ့တယ်။အခုသဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ၊ ဒေသအခြေပြုခရီးသွား လုပ်ငန်းတွေနဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းသစ်တွေကို ဖော်ထုတ်ဖို့ လုပ်နေတယ်။ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးလာရင် ဟိုတယ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း ၊ အခြားဝန်ဆောင်မှုလုပ်ငန်းတွေလည်း ကျွဲကူးရေပါဆိုသလို ဖြစ်လာမှာပေါ့ ၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရလာမှာပဲလေ"ဟု အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ပဲခူးတိုင်းဒေသကြီးအတွင်း အပျော်တမ်း စက်ဘီးစီးပွဲတော်ကို အားကစားသမား ၃၅၀ ကျော်ဖြင့် ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် ဟိုတယ်ဝန်ဆောင်မှုဝန်ထမ်းများ ၉၅ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်ဒေသများ သန့်ရှင်းသပ်ရပ်စေရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျ တပ်ဆင်ထားနိုင်ရန်နှင့် Public Toilet များ နိုင်ငံတကာအဆင့်မီမြှင့်တင်နိုင်ရေး ကြိုတင်ပြင်ဆင်လည်း စီစဉ်နေကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက ဟိုတယ်၊ တည်းခိုရိပ်သာ ၇၇ ခုနှင့် အခန်း ပေါင်း ၂၂၇၂ ခန်းရှိခဲ့ရာ ယခုအခါ ဟိုတယ်၊တည်းခိုရိပ်သာ ၈၈ လုံးနှင့် အခန်းပေါင်း ၂၅၉၉ ခန်း ရှိခဲ့ပြီး ဖြစ်ကြောင်း၊ဟိုတယ်၊ တည်းခိုရိပ်သာ ၁၁ ခုနှင့် အခန်းပေါင်း ၃၂၇ ခန်းပိုလာခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ကြရန် သက်ဆိုင်ရာမှ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group