#LocalNews
Published 17 Feb 2022

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စက်သုံးဆီများပြတ်လပ်နေမှုကြောင့် ဒေသခံများ အခက်ကြုံနေရပြီး လုပ်ငန်းအချို့ကိုလည်း ရပ်ဆိုင်းထားရတယ်လို့ ပူတာအိုမြို့ဒေသခံများထံမှ သိရပါတယ်။

 

အဆိုပါ ပူတာအိုမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေသည်မှာ ရက်သတ္တပတ်(၃)ပတ်ခန့်ရှိနေပြီး မြို့၏ မည်သည့် နေရာတွင်မှ စက်သုံးဆီကို ဝယ်ယူလို့မရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

"စက်သုံးဆီက လုံးဝပြတ်နေတယ်။ မြို့မှာလည်း လုံးဝဝယ်မရဘူး၊ တချို့လုပ်ငန်းတွေဆိုရင် ရပ်ထားရတယ်။ စက်သုံးဆီမရှိတော့ ဆိုင်ကယ်ဆီဖြည့်ဖို့ကအစ အတော်လေး အခက်ကြုံနေရပါတယ်။ ကျွန်တော်တို့ပရဟိတအသင်းတွေဆိုလည်း စက်သုံးဆီမရှိလို့ ကားတွေမထွက်နိုင်ဘူး။ ဒီအတိုင်းရပ်ထားရတယ်။ ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်အုံးမယ်ဆိုတာလည်း မသိသေးဘူး။ စက်သုံးဆီက မြို့မှာလုံးဝ ဝယ်မရတာပါ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ဒေသခံများ၏ ပြောပြချက်အရ ပူတာအိုမြို့ရှိ ဆီဆိုင်များက ယခုကာလတွင် စက်သုံးဆီပြတ်လပ်နေသည်ဟု အကြောင်းပြုကာ ရောင်းချခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေးအခြေအနေကလည်း အရင်လို ကောင်းမွန်ခြင်းမရှိသည့်အတွက် စက်သုံးဆီများတင်ပို့ဖို့က အခက်အခဲများရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

"အခုက တိုက်ပွဲတွေလည်းဖြစ်နေတော့ လမ်းပန်းဆက်သွယ်ရေးတွေကလည်း အရင်လိုမကောင်းဘူး။ ပူတာအိုက လေကြောင်းလမ်းရယ်၊ ကုန်းကြောင်းလမ်းရယ် ဒါပဲရှိတာလေ။ ပြောရရင် အခုက နိုင်ငံရေးအခြေအနေတွေကြောင့်လည်း သွားလာရေးကမလွယ်ဘူး။ စက်သုံးဆီတွေလည်း ပြတ်နေတယ်၊ ကုန်စျေးနှုန်းတွေကလည်း အဆမတန်မြင့် နေတယ်။ ဒေသခံတွေကတော့ ဒုက္ခအမျိုးမျိုးကို ခါးစည်းခံရသလိုမျိုးဖြစ်နေတယ်။ အခုအဆိုးဆုံးက စက်သုံးဆီ လုံးဝပြတ်နေတဲ့အတွက် ဘာအလုပ်မှလုပ်လို့မရတော့ဘူး။ ရေရှည် ဒီအတိုင်းသာသွားမယ်ဆိုရင် အတော်လေးမလွယ်တဲ့ အနေအထားမှာရှိပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

 

ymg/kg
#Yangon_Media_Group