#LocalNews
Published- 17 Feb 2022

 

ဖေဖေည်ဝါရီလ ၁၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နစက နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက Video conference ဖြင့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါအစည်းအဝေးအား ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနဲ့အာဆီယံအတွင်းရေးမှူးချုပ်ရုံးရဲ့ အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

အစည်းအဝေးမှာ အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနဲ့ ပူးပေါင်ဆောင်ရွက်ရေးစာချုပ်သို့ဝင်ရောက်မယ့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊ အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး၊ (၁၁)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နဲ့ (၉)ကြိမ် မြောက်အာဆီယံ ပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တွင် ဆုံးဖြတ်ခဲ့သည်များကို ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ အာဆီယံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တို့နဲ့ပက်သက်ကာ အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အစည်းအဝေးတွင် မြန်မာအဆင့်မြင့်အရာရှိကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းများအပေါ် ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်းအပါအဝင် အဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ထို့အပြင် အမြဲတမ်းအတွင်းဝန်က အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးရာမှာ အာဆီယံရဲ့ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊အခြေခံမူများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနဲ့မြန်မာနိုင်ငံရဲ့ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group