#LocalNews
Published - 15 Feb 2022

 

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်စီးနင်းလိုက်ပါကြမည့်သူများအား ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကိုဗစ်စစ်ဆေးမှုစတင်ရာ တစ်နေ့တည်းပိုးတွေ့သူ ၁၂ ဦးရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

စစ်တွေမှ ရန်ကုန်သို့ လေယာဉ်စီးနင်းလိုက်ပါမည့်သူ ၁၇၅ ဦးကိုစစ်ဆေးခဲ့သည့်အနက် ၁၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

 

"ပိုးတွေ့သူတွေကို MOH သတ်မှတ်ချက် version T အရ ဆေးရုံပို့ပြီး ကုသမှုခံယူစေပါတယ်။ဒါ့အပြင် ဆက်စပ်သူတွေကို HQ ထားပြီးတော့ သက်ဆိုင်ရာကလည်း မျက်ခြေမပြတ် ဆောင်ရွက်နေပါတယ်။ ပိုးတွေ့နမူနာတွေကို omicron ဟုတ် မဟုတ် စစ်ဆေးဖို့ စစ်တွေကနေ ရန်ကုန်ကို ပို့ထားတယ်"ဟု ယင်းက ဆိုသည်။

 

အိုမီခရွန်ကိုဗစ်ပိုးကူးစက်ခံရမှုမြင့်တက်လာနေသည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်ကစ၍ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ခရီးသွားမည့်သူများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးပြီးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးခြင်းကိုခံယူပြီးမှ လေယာဉ်စီးခွင့်ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ရခိုင်ပြည်နယ်တွင် ယခုဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၄ ရက်ထိ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲ၊ မြေပုံနှင့် အမ်းမြို့နယ်တို့တွင် ကိုဗစ်ပိုးရှိသူအရေအတွက် မြင့်တက်လာရာတွင် စစ်တွေမြို့မှာ အများဆုံးဖြစ်ကြောင်း ၊
လက်ရှိတွင် စစ်တွေ၌ ၁၉ ဦး၊ မြေပုံ၌ ၁ ဦး၊ ကျောက်ဖြူ၌ ၁ ဦး ၊ သံတွဲ၌ ၂ ဦး ရှိကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group