#LocalNews
Published 15 Feb 2022

 

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ပြည်တွင်းလေယာဉ်စီးခရီးသည်များအနေဖြင့် ကိုဗစ်စစ်ဆေးရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ လေယာဉ်စီးခရီးသည်များအား ကိုဗစ်စစ်ဆေးပြီးမှ လေယာဉ်ဖြင့်သွားလာခွင့်သတ်မှတ်ခဲ့ပြီးနောက် နိုဝင်ဘာလမှစတင်၍ ကိုဗစ်ကာကွယ်ဆေးထိုးပြီး အနည်းဆုံး နှစ်ပတ်ပြည့်ပါက လေကြောင်းခရီးသွားလာသည့်အခါ ကိုဗစ်စစ်ဆေးရန်မလိုအပ်ဘဲ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူများသာ စစ်ဆေးရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

 

သို့သော်လည်း ယခုအခါ ပြည်တွင်း၌ အိုမီခရွန်ကူးစက်မှု မြင့်တက်လာသောကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးပြီးမှသာ လေကြောင်းခရီးဖြင့် သွားလာခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

 

"ကျွန်မတို့က ရန်ကုန်ကနေ ရခိုင် သံတွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပြန်မယ့်လေယာဉ်လက်မှတ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက ဝယ်ထားတာ၊ကာကွယ်ဆေးထိုးပြီးသားလက်မှတ်လည်းပါတယ်။ဒါပေမယ့် အခုက နှာခေါင်းထိုးပြီး ကိုဗစ်စစ်ဆေးရမယ်လို့ အကြောင်းကြားလာတယ် " ဟု သံတွဲသို့ ပြန်မည့် ခရီးသည်တစ်ဦးက ပြောသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ဖြတ်၍ အမြို့မြို့အနယ်နယ်ကို သွားရောက်ကြမည့် ခရီးသွားများကိုလည်း လမ်းခုလပ်တွင် ဂိတ်များထား၍ ကိုဗစ်စစ်ဆေးရေးများ ပြုလုပ်နေကြောင်းလည်း သိရသည်။

 

"ကျွန်တော်တို့ ပန်းတောင်းကိုဖြတ်ပြီး ပြည်ကိုသွားမလို့လာခဲ့တာ၊ပန်းတောင်းမှာ ကိုဗစ်စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ဆေးပြီးမှ သွားခွင့်ပြုပါတယ်။ဒီနေ့ပဲ လုပ်နေကြတာပါ။ဒါပေမယ့်လည်း ပန်းတောင်းကအထွက် ခရီးစဉ်မှာပါတဲ့ သူတွေကိုတော့ ကိုဗစ်စစ်တာမရှိဘူး"ဟု ပန်းတောင်းမြို့ကို ဖြတ်၍ လာခဲ့ရသည့် ခရီးသည်တစ်ဦးက ဆိုသည်။

 

ခရီးသွားများအနေဖြင့် ၄၈ နာရီအတွင်း ကိုဗစ်ကာကွယ်ဆေးစစ်ထားသည့် ဆေးလက်မှတ်ကိုပြရမည်ဖြစ်ကြောင်း၊ခရီးသည်များအနေဖြင့် ကျန်းမာရေးဦးစီးဌာနများတွင် သတ်မှတ်ချိန်များအတွင်း ပိတ်ရက်မရှိ အခမဲ့ စစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနှင့် ဓာတ်ခွဲခန်းများတွင် စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ၊ယင်းအပြင် ပြည်တွင်းလေဆိပ်များ၌ ဖွင့်လှစ်ထားရှိသော ကိုဗစ်ရောဂါပိုး ဓာတ်ခွဲစမ်းသပ်မည့် ဓာတ်ခွဲခန်းများတွင်လည်း လေယာဉ်မထွက်ခွာမီ ကြိုတင်သွားရောက်၍လည်း စစ်ဆေးမှုခံယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၄ ရက် အတွင် ည ၈ နာရီ ထုတ်ပြန်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတွင် ကိုဗစ် စစ်ဆေးသူ ၂၃,၈၇၄ ဦးအနက် ၁,၅၈၆ ဦး၌ ပိုးတွေ့သောကြောင့် ပိုးတွေ့နှုန်း မှာ ၆ ဒသမ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ယင်းကြောင့် ပိုးတွေ့လူနာပေါင်း ၅၄၈,၃၅၇ ဦး ရှိပြီဖြစ်ကြောင်း ၊ သေဆုံးသူတစ်ဦး ရှိခဲ့သောကြောင့် သေဆုံးသူပေါင်း ၁၉,၃၁၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group