#LocalNews
Published - 3 Feb 2022

ပြီးခဲ့တဲ့ လပိုင်း အတွင်းက ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသည့် လူဦး ရေ ၃၀၀ ကျော်အား ကလေးမြို့ ပေါ် တွင် လက်ခံစောင့်ရှောက်ပေးထားရာမှ ယခုဖေဖော်ဝါရီ လဆန်းပိုင်းမှာတော့ ကလေးမြို့ပေါ်တွင် ခိုလှုံနေကြသည့် ချင်းစစ်ဘေး ရှောင်အချို့ နေရပ်ပြန်သွားကြပြီဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များအား ကူညီဆောင်ရွက်နေသူများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှစလို့ ချင်းပြည်နယ်ဘက်ရှိ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ဝေဘူလ အစရှိသည့် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်က ကလေးမြို့ ပေါ်သို့ ရောက်ရှိခိုလှုံလာခဲ့ကြတာဖြစ်ပါတယ်။

"လက်ရှိ မြို့ပေါ်မှာ စစ်ရှောင်ပြည်သူတွေက၁၀၀ ဝန်းကျင်လောက်ကျန်ပါသေးတယ်။ ထပ်တိုးလာတာကသိပ်မရှိပါဘူး။ တချို့ တွေလည်း သူတို့ နေရပ်ကို ပြန်သွားကြတယ်။ သူတို့ရွာ ကိုပြန်တာတော့ မဟုတ်ဘူး ပေါ့။ ရွာအနီးအနားတွေမှာသွားနေကြတာ ပေါ့။ တစ်ဝက် လောက်က ပြန်သွားကြပြီ။ ဒါပေမဲ့ ပြောရရင် နယ်မြေဒေသ အခြေအနေက အဲ့လောက်ကြီး လည်း မကောင်း သေးပါဘူး။ သူတို့ ပြောပြပုံအရဆိုရင် နေ့လည်ပိုင်း ဆိုရင်သွားလို့ရတယ်။ ညတော့ အိပ်လိုမရသေးဘူး ပေါ့။ တိုက်ပွဲတွေက ကြိုကြား ကြိုကြားရှိနေပါသေးတယ်။"လို့ ပုညကုသလ လူမှုကူညီ ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

က လေးမြို့ ပေါ်သို့ ခိုလှုံလာကြသည့် စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ချင်းပြည်နယ် တောင်ပိုင်းဘက်က လာခဲ့ကြသူ တွေပိုများတယ်လို့ ကလေးမြို့ ဒေသခံတွေကဆိုပါတယ်။

"လက်ရှိ တော့ ဘာမှလိုအပ်ချက်မရှိသေးပါဘူး။စားနပ်ရိက္ခာလိုအပ်မှုလည်းမရှိသေးပါဘူး။ ဆန်၊ ဆီ၊ ဆား လည်းအပြည့်အစုံရှိပါတယ်။ မြို့ခံ တွေကလည်းစစ်ဘေး ရှောင်ပြည်သူတွေ အတွက် ဝိုင်းဝန်းလှူဒါန်းပေးကြပါတယ်။"လို့ ၎င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

ဒါ့အပြင် နေရပ်မပြန်နိုင်သေးဘဲ ကျန်ရှိနေသည့် ချင်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူ တွေကို ကလေးမြို့ ရှိ လူမှု ကူညီရေးအသင်းအဖွဲ့ တွေနဲ့ မြို့ခံတွေက ဆက်လက်၍ စောင့်ရှောက်ကူညီထားတယ်လို့လည်း မြို့ခံ လူမှုကူညီရေးအဖွဲ့ တွေ ကဆိုပါတယ်။

ဓါတ်ပုံ - ပုညကုသလအသင်း(ကလေးမြို့)

ymg/kg
#Yangon_Media_Group