#LocalNews
Published - 2 Feb 2022

MRTV News Channel အသစ် တစ်ခုကို စတင်ထုတ်လွှင့်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သိရပါတယ်။

ဖေဖော်ဝါရီလ တစ်ရက်က နေပြည်တော် တပ်ကုန်းမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစိန်ရတု ပြတိုက်၊ MRTV News Channel နဲ့ MRTV DTH စနစ်ဖွင့်လှစ်တဲ့ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ နစက တာဝန်ထမ်းဆောင်တဲ့ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့MRTV News Channel နဲ့ MRTV DTH စနစ်ကို လုပ်တာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌကက ဆိုပါတယ်။

MRTV News Channel ကို စမ်းသပ်ထုတ်လွှင့်မှုကနေ ပုံမှန်ထုတ်လွှင့်သွားဖို့အတွက် MRTV DTHစနစ်ကိုလည်း လွှမ်းခြုံထုတ်လွှင့်နိုင်ဖို့ စတင်ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV အနေနဲ့ ၁၉၈၀ ပြည့်နှစ် ကတည်းက Analogue စနစ်နဲ့ စတင်ထုတ်လွှင့်ခဲ့ရာကနေ ၂၀၁၃ ခုနှစ်မှာ Digital (DVB-T2) စနစ်နဲ့ တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့ပြီး ယခုမှ Digital (DTH) စနစ်နဲ့ ထပ်မံတိုးမြှင့် ထုတ်လွှင့်နိုင်ထားတယ်လို့ ဥက္ကဌက ဆိုပါတယ်။

MRTV စိန်ရတုပြတိုက်ကိုလည်း ပင်မအဆောက်အဦရှေ့မှာ သီးခြားတည်ဆောက်ထားပြီး ပုံစံငယ်များ၊ ရိုက်ကူးရေးယာဉ်များ ထိန်းသိမ်းထားရှိမှုများ၊ စက်ပစ္စည်းနဲ့ အသုံးအဆောင်များ၊ ဓာတ်ပြားနှင့် တိပ်ကြိုးခွေများ၊ တူရိယာပစ္စည်းတွေကို ကဏ္ဍအလိုက်လေ့လာနိုင်အောင် ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။

ဒ့ါအပြင် သတင်းဖတ်ကြားထုတ်လွှင့်တဲ့အခန်းတွေ၊ Virtual Studio အသုံးပြုရိုက်ကူးတာတွေကို လေ့လာနိုင်မှာ ဖြစ်သလို MRTV မှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့ကြတဲ့ ပစ္စည်းကိရိယာတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး တခြားအသုံးအဆောင်ပစ္စည်းများပြခန်း စုစုပေါင်း ၄၀ ကို ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။

ymg/ei
#Yangon_Media_Group