#LocalNews
Published - 28 Jan 2022

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစလို ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းအထိ ထိုင်းနိုင်ငံကို နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား (၄) သောင်းကျော်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံထားရတယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင်ရွက်နေသူများက ဆိုပါတယ်။

 

ဒါ့အပြင် ယခုနှစ် ဇန်နဝါရီလ ၁၅ ရက် နေ့မှ ၁၈ ရက် နေ့အထိ (၄)ရက်တာကာလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ တဆင့်ဝင်ရောက်သော မြန်မာလုပ်သား (၇၅၉)ဦးအား ထိုင်းအာဏာပိုင်တွေက
စံချိန်တင်ဖမ်းဆီးထားသလို ဇန်နဝါရီ ၂၄ ရက် နေ့ကလည်း ထိုင်းနိုင်ငံထဲသို့ အောက်လမ်းကနေ အရဲစွန့်ဝင်လာတဲ့ မြန်မာလုပ်သား (၂၅၅)ဦးအား ပကျွတ်ခီရီခရမ်ခရိုင်နဲ့ ကန်ချနဘူလီခရိုင်တို့မှာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

 

ဒါဟာ ယခု ဇန်နဝါရီလဝက်အတွင်းမှာပင် ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဖြစ်ပါတယ်။

 

"ထိုင်းကျွမ်းကျင်လုပ်သား သန်းနဲ့ချီပြီး ဆော်ဒီကခေါ်လိမ့်မယ် ထိုင်းတွေကလည်း ဆော်ဒီကိုသွားချင်နေတော့ မြန်မာလုပ်သားတွေအတွက် ထိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပေါ်လာနိုင်တယ်။ ဒါပေမယ့် မြန်မာပြည်ထဲက လူသစ်တွေအနေနဲ့ကတော့ ထိုင်းကိုလာဖို့ အရဲမစွန့်စေချင်ဘူး။ နေ့စဥ် ဖမ်းဆီးခံနေရတဲ့သတင်းတွေကို လေ့လာကြပါ။ ထိုင်းမှာ လွတ်သွားနိုင်တဲ့ အလုပ်နေရာတွေမှာ ထိုင်းနိုင်ငံထဲ ရှိနေပြီးသား ရောက်နေပြီးသား အလုပ်လက်မဲ့ မြန်မာတွေနဲ့တင်ကို လူပြည့်သွားနိုင်တယ်လို့ ကျွန်တော်ရဲ့ ထိုင်းမှာဖြတ်သန်းခဲ့တဲ့ အလုပ်သမားရေးအတွေ့အကြုံအရ သုံးသပ်တင်ပြလိုက်ရပါတယ်။"လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက
၄င်း၏ လူမှုကွန်ရက်ပေါ်မှာ အသိပေးရေးသားထားခဲ့တာပါ။

 

ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းဆီးခံထားရတဲ့သူတွေဟာ ထားဝယ်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊မကွေး၊ရခိုင်ပြည်နယ် အစရှိတဲ့ မြို့နယ်ပေါင်းစုံကနေ ပွဲစားတွေရဲ့စကားကို ယုံပြီးလာကြတဲ့ တရားမဝင်ရွှေ့ပြောင်းသွားလာတဲ့ မြန်မာလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

 

"လူပွဲစားတွေကတော့ ထွက်ပြေးတိမ်းရှောင် ဖမ်းဆီးခံရသူတွေကတော့ မိအေးနှစ်ခါနာပေါ့။ မြွေပါလည်းဆုံး သားလည်းဆုံး ယခုလို ထိုင်းသတင်းတွေမှာပါပြီး အဖမ်းခံရသူတွေဟာ ထိုင်းထောင်တွေထဲမှာ အနည်းဆုံး ၂ နှစ်လောက်ဒုက္ခခံပြီးမှ မြန်မာပြည်ပြန်ရောက်တော့မှာပါ။

 

ဖမ်းဆီးခံရသူတွေကတော့ ငွေလည်းကုန် လူလည်းထောင်ကျ ထုံးစံအတိုင်း ထိုင်းမြန်မာပွဲစားတွေကတော့ ထွက်ပြေးလွတ်မြောက် အဲ့လိုတွေဖြစ်နေကြတာပေါ့။"လို့ သူက ဆက်ပြောပြထားခဲ့ပါတယ်။

 

ဒါကြောင့်လည်း မြန်မာပြည်ထဲကလူသစ်တွေအနေနဲ့ ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းတွေကနေ
အရဲစွန့်မလာကြဖို့နှင့် နေ့စဥ်ဖမ်းဆီးခံနေရတဲ့သတင်းတွေကို လေ့လာကြဖို့ကိုလည်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို ကူညီဆောင်ရွက်နေသူများက အသိပေးနှိုးဆော်ထားပါတယ်။

 

Photo - ရဲမင်း(AAC)

YMG/kg
#Yangon_Media_Group