#LocalNews
Published -26 Jan 2022

 

လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲများကို ကျော်လွှားနိုင်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းအားလုံးနဲ့အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ KIO ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

 

ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ KIO ရဲ့ ထုတ်ပြန်ချက် (၁/၂၀၂၂)ကိုထုတ်ပြန်ရာမှာ အထက်ပါအကြောင်းအရာကို ထည့်သွင်းဖော်ပြထားပါတယ်။အဆိုပါထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်က မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုသိမ်းယူခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နဲ့ ကြုံတွေ့နေရသောအခက်အခဲများဖြေရှင်းရန် အာရုံစိုက်ကြိုးပမ်းနေသော အိမ်နီးချင်းနိုင်ငံများ၊ ASEAN၊UN၊SAC-M တို့ရဲ့ ကြိုးပမ်းမှုကိုကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် တိုက်ပွဲကာလကြာရှည်ပြီး ယင်းအကြပ်အတည်းများကို မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံအနေနဲ့ အလုံးစုံပျက်သုန်းရေးကို ရောက်ရှိသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ကြုံတွေ့နေရသောအကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တရားမျတမှုကိုအခြေခံပြီး ပြည်သူလူထု၏ဆန္ဒသဘောထားကိုတန်ဖိုးထားရန်လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဆက်လက်ပြီး ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စရပ်များကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ ပိုမိုထိရောက်စွာကူညီပေးရန် အလေးအနက်တိုက်တွန်ကြောင်း ဖော်ပြထားပါတယ်။

 

ထို့အပြင် တရုတ်နှစ်သစ်ကူးကာလတွင် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပွဲတော်နှင့် ၁၃ ကြိမ်မြောက် ကိုယ်လက်အင်္ဂါမသန်စွမ်းအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ပီကင်းမြို့တွင်ကျင်းပမည်ဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ နယ်စပ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တိုက်တွန်းချက်ရှိတာကြောင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးပေးစဥ်းစားရမည့်အချက်ဖြစ်သည်ဟုရှုမြင်ကြောင်း ဖော်ပြထားပါတယ်။

 

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၄ ရက်ကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီအနေနဲ့ စစ်ပွဲများကို ရှောင်ရှားကာ နိုင်ငံရေးပြဿနာများကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန်မျှော်လင့်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အဆိုပါထုတ်ပြန်ချက်အပေါ်“ ထုတ်ပြန်ချက်ရဲ့ ရည်ရွက်ချက်ကတော့ ရေးထားတဲ့အတိုင်း စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အားလုံးကခက်ခဲသွားတယ်။ တစ်နေ့ပြီးတစ်နေ့ ပိုပိုဆိုးလာတယ်။ COVID-19 ကလည်း နေရာတိုင်းမှာ ပျံ့နှံနေတယ်။ ဆေးကုသပေးမယ့်သူတွေလည်း မရှိဘူး။ ဘယ်သူမှ တာဝန်မယူပေးတော့ ပြည်သူလူထုတွေလည်း သနားစရာ ဒုက္ခရောက်သွားတယ်။ ခိုကိုးရာမဲ့အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကေအိုင်အို အနေနဲ့တော့ မငြိမ်းသေးတဲ့စစ်ပွဲတွေကို အဖြေရှာဖို့ တိုင်ပင်စရာရှိတဲ့အဖွဲ့အစည်းအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်မှန်တဲ့ အဖြေရှာသွားဖို့က ကောင်းတယ်ပေါ့။ ကျွန်တော်တိုရဲ့ အမြင်သဘောထားက အဲဒါပဲ” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုခဲ့ပါတယ်။

 

အဆိုပါထုတ်ပြန်ချက်မှာလည်း COVID-19 ကပ်ရောဂါ ဆိုးရွားစွာ ပြင်းထန်လာမှုကြောင့် ပြည်သူလူထုအနေဖြင့် ခိုကိုးရာမဲ့ဖြစ်နေသည်ကို KIO က စိတ်မကောင်းဖြစ်ရကြောင်းလည်း Kachin Wave ၏ ဘာသာပြန်ရေးသားဖော်ပြချက်တွင် ပါရှိသည်။ COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ကူညီထောက်ပံ့ပေးနေသည့် အိမ်နီးနား ချင်းနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး ကူညီထောက်ပံ့ပေးရန်နှင့် အဆိုပါ ကူညီထောက်ပေးသည့် အကူအညီများကို KIO မှတစ်ဆင့် လိုအပ်နေသည့်ပြည်သူများထံ ကူညီပေးရန် အသင့်ဖြစ်ကြောင်းလည်း KIO က ထုတ်ပြန်ခဲ့ပါတယ်။

 

ymg/hm
#Yangon_Media_Group