#LocalNews
Published - 24 Jan 2022

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီလ ၂၄ ရက်ကနေ ၂၈ ရက်နေ့အတွင်း မြန်မာနိုင်ငံဒေသအချို့မှာ အချိန်အခါအမဟုတ် မိုးရွာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

 

“ဒါကတော့ နှစ်စဉ်နှစ်တိုင်းဖြစ်နေကျပါပဲ။ ဒ့ါပေမယ့် လာနီညာ ဖြစ်စဉ်ကြောင့် မကြာခန မိုးရွာတာတွေ ရှိလာတယ်။ နှစ်တိုင်းတော့ ဆောင်းတွင်းကာလမှာ တစ်ခါတလေ တောင်ဘက်ပင်လယ်ဘက်က ရေခိုးရေငွေ့တွေ တိုးတိုးပြီးဝင်လာတာတွေ ရှိတော့ အေးရာကနေ နည်းနည်းနွေးလာလို့ တိမ်ဖြစ်ထွန်းမှုများပြီး မိုးရွာတာပေါ့။ မိုးရွာပြီးရင် နည်းနည်းပြန်အေးမယ့် သဘောရှိတယ်။ ဇန်နဝါရီ နောက်ပိုင်း ဖေဖော်ဝါရီ၊ မတ်လ နောက်ပိုင်းမှာလည်း အချိန်အခါမဟုတ် မိုးရွာနိုင်တဲ့ အခြေအနေရှိနေပါတယ်” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

 

ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးအကြံပြုထားပါတယ်။

 

YMG/ ei
#Yangon_Media_Group