#LocalNews
Published - 22 Jan 2022

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မဲခေါင်မြစ်ဝှမ်းဒေသ၏ ရေညစ်ညမ်းမှုကိုလျှော့ချကာ မဲခေါင်မြစ်ပတ်ဝန်းကျင်နှင့်ရေအရည်သွေးကို ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

အဆိုပါ မဲခေါင်မြစ်ဝှမ်းဒေသ၏ ရေအရည်သွေးတိုင်းတာခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မဲခေါင်မြစ်နှင့် ၎င်း၏မြစ်လက်တက်များ ရေအရည်အသွေးအကဲဖြတ်မှုစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၀ ပြည့်နှစ်မတ်လအထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ တာချီလိတ်ဒေသတွင် လစဉ် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးနမူနာယူမှုဖော်ဆောင်ခဲ့ပြီး စီမံကိန်းထောက်ခံအားပေးမှုဖြင့်ဝယ်ယူထားသည့် ရှမ်းပြည်နယ် ECD ဓာတ်ခွဲခန်း ရေအရည်အသွေးအကဲဖြတ်မှုစက်ပစ္စည်းဖြင့် ရေအရည်အသွေးကို အကဲဖြတ်ခဲ့ကြတာဖြစ်တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

 

အနာဂတ်တွင် အဆိုပါစီမံကိန်းအရ စိုက်ပျိုးရေး၊ သတ္ထုတူးဖော်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ လူနေမှုဘဝ၊ ခရီးသွားလာမှုကြောင့်ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းစီမံမှုကိုလည်း စောင့်ကြည့်စစ်ဆေးခြင်း၊ရေအရည်အသွေးထိန်းသိမ်းမှုအသိပညာပေးလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ယင်းကဲ့သို့ မဲခေါင်မြစ်ဝှမ်းဒေသ၏ ရေညစ်ညမ်းမှုကိုလျှော့ချကာ၊ မဲခေါင်မြစ်ပတ်ဝန်းကျင်နှင့် ရေအရည်သွေးကိုထိန်းသိမ်းခြင်းအားဖြင့် မြန်မာနိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် မြစ်ဝှမ်းတစ်လျှောက်ပြည်သူများကို အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့လည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

YMG/kg
#Yangon_Media_Group