#LocalNews

Published - 7 Jan 2022

 

မန္တလေးမြို့တွင် ယနေ့(ဇန်နဝါရီ ၇ ရက်)တစ်ရက်ထဲတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နေဒေသခံများထံမှ သိရပါတယ်။

 

ပထမဖြစ်စဥ်က ယနေ့နံနက် အ စောပိုင်းအချိန် ၅ နာရီ ၄၃ မိနစ်အချိန်ခန့်က မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းအောင်ရပ်ရှိ ပုသိမ်ကြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရပ်ထားသော မတ်တူးမော်တော်ယာဉ်(၂)စီး ထိခိုက်ပျက်စီးခဲ့ရကာ ရုံး၏ ပြတင်းပေါက်မှန်များလည်း ပျက်စီးကွဲအက်ခဲ့ရသော်လည်း ထိုဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

 

ယနေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ပုသိမ်ကြီးမြို့နယ် လဝကဦးစီးမှူးရုံးသည် ယခုအချိန်အပါအဝင် လက်လုပ်ဗုံးပစ်ခတ်ပေါက်ကွဲမှု သုံးကြိမ်အထိရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

အလားတူ ဒီကနေ့ နံနက် ၉ နာရီ အချိန်ခန့်က မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြဝတီဘဏ်အား အမည်မသိလူနှစ်ဦးမှ လက်ပစ်ဗုံးပစ်ခတ်ခဲ့ရာမှ ဗုံးပေါက်ကွဲပြီး ဘဏ်ရှေ့တွင်ရှိနေသော အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

 

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာ ၈၁ လမ်းအား မြောက်မှတောင်သို့ အမည်မသိအမျိုးသားနှစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ အနောက်မှ လိုက်ပါလာသူက မြဝတီဘဏ်ရှေ့အရောက်တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်၍ ဆိုင်ကယ်အားမောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်းအမျိုးသားတစ်ဦး နောက်ကျောကုန်း ပေါက်ကွဲစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ဘဏ်လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦး ညာဘက် လက်နှင့်ပေါင် ပေါက်ကွဲစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဘဏ်ငွေလာထုတ်သူ အမျိုးသားတစ်ဦး ဘယ်ဘက်လက် ပေါက်ကွဲစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) စုစုပေါင်း အမျိုးသားသုံးဦးတွင် ဒဏ်ရာများရရှိခဲ့တာပါ။

 

ဒါ့အပြင် ဘဏ်ရှေ့ရှိ မော်တော်ယာဉ်တစ်စီး၊ ဘဏ်အဝင်သံတံခါးနှင့် ဘဏ်ဘေးရှိ အုတ်တံတိုင်းတို့တွင် ပေါက်ကွဲစထိမှန်မှုကြောင့် ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ မန္တ လေးမြို့နေ ဒေသခံများထံမှ သိရပါတယ်။

 

Photo - CJ

YMG/kg

#Yangon_Media_Group