#LocalNews

Published - 5 Jan 2021

ကြိုကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ရရှိတော့မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တင်ဒါအောင်ဆောင်ရွက်ခွင့်ရခဲ့သည့် Myanmar Thilawa SEZ Holding Public Co., Ltd ကုမ္ပဏီက သိရသည်။

 

အဆိုပါ ကြိုကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ပန္နတင်မင်္ဂလာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ၃ နှစ်မှ ၇ အတွင်း အကျိုးအမြတ်ပြန်လည်ရရှိနိုင်မည့် ရေတို-ရေရှည်ကြားကာလအတွင်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Myanmar Thilawa SEZ Holding Public Co., Ltd ကုမ္ပဏီ၏ အနာဂတ်မျှော်မှန်းချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

ကြိုကုန်းအိမ်ရာ၏ ဧရိယာမှာ မူလက ၁၁ ဒသမ ၂၆၃ ဧကသာ ကျယ်ဝန်းသော်လည်း အင်းစိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံများ ပြည့်စုံသည့်စီမံကိန်းအဖြစ်ဖော်ဆောင်နိုင်ရန် ဧရိယာ ၆ ဒသမ ၇၈ ဧက ရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေစက်ဝင်းနှင့် သိုလှောင်ရုံမြေကိုပါ လွှဲပြောင်းရယူထားသောကြောင့် စီမံကိန်းဧရိယာ ၁၈ ဧက ခန့် ရှိကြောင်းသိရသည်။

 

စီမံကိန်းတွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည်နေရာချထားပေးမည့် အိမ်ခန်း (၆၃) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံး၊ အိမ်ခန်း (၆၃) ခန်းပါ (၁၁) ထပ်လူနေအဆောက်အအုံတစ်လုံးနှင့် အိမ်ခန်း (၅၆) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံးတို့ကို စီမံကိန်းပထမအဆင့်အဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိလျှင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

#Yangon_Media_Group