#LocalNews

Published - 4 Jan 2022

အရှည်မှာ ၁,၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိ လေးလမ်းသွား ကိုရီးယားမြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ သံမဏိကြိုးဆိုင်းတံတား တည်ဆောက်မှု ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

 

"နဂိုမူလက ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ တံတားတည်ဆောက်ရေးလုပ်ငန်းတွေကိုအပြီးလုပ်ဖို့ ရည်မှန်းခဲ့တယ်။အခုက သတ်မှတ်ကာလ မပြီးနိုင်ဘူး။အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းနှောင့်နှေးခဲ့တာရှိတယ်။ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၃၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ၊အခုကတော့ ကိုဗစ် ကြောင့် လုပ်ငန်းကြန့်ကြာခဲ့တဲ့အတွက် အချိန်တွေထိခိုက်တာကို ဘယ်လိုပြန်ပြီးအစားထိုးကြမလဲဆိုတာကိုလည်း စီမံချက်ရေးမယ်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိုလည်း အထူးဂရုစိုက်ရမယ် "ဟု အဆိုပါဝန်ကြီးဌာနတာဝန်ရှိသူက ရန်ကုန်တိုင်းမ်ကို ပြောသည်။

 

ယင်းတံတား၏ ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ကြောင်း ၊ မြစ်ကူးတံတားတည်ဆောက်နေသည့် လုပ်ငန်းခွင်၌ ရေလည်တိုင်ဘိုးပိုင်များ၊ ဆင်ခြေလျှောတံတား ဘိုးပိုင်များပြီးစီးနေပြီဖြစ်ကာ ဒလဘက်ခြမ်း ချဉ်းကပ်တံတား ဘိုးပိုင်များကို ဆက်လက်တည်ဆောက်နေကြကြောင်းလည်း သိရသည်။

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့ပြီး၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ပြန်လည်စတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့သည်။

 

သို့သော် တစ်ကြော့ပြန် ကိုဗစ် ကပ်ရောဂါ နှင့် ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲများကြောင့် ထပ်မံရပ်နားခဲ့ကြရသည့်အတွက် မကြာသေးခင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ဝန်းကျင်ကမှ လုပ်ငန်း ပြန်လည်စတင်နိုင်ကြောင်း သိရသည်။

#Yangon_Media_Group