#LocalNews

Published - 4 Jan 2021

 

တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင်စတင်ဆောင်ရွက်နေပြီလို့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဒီဇင်ဘာလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ စေလွှတ်သည့် ပုဂ္ဂိုလ် ၄ ဦးပါဝင်သော လုပ်ငန်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး quarantine ခံယူပြီးနောက် ပုဂံသို့သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကနဦးပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုအကြိမ် မြန်မာနိုင်ငံသို့လာရောက်သည့် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ဖြေရှင်းပေးရမည့် လုပ်ငန်းဆောင်ရွက်ရန်နေရာ၊ ကုန်ကြမ်းပစ္စည်းများ ထားရှိမည့်နေရာ၊ နေထိုင်မှုနေရာ စသည့် မြေယာအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာဘက်နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ စီမံကိန်းအဖွဲ့သည် သဗ္ဗညုဘုရား စီမံကိန်းနေရာသို့ လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည့် အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်း အသေးစိတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင်စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမှာဖြစ်တယ်လို့ သိပါတယ်။

 

၂၀၁၆ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ၆.၈ အဆင့် မြေငလျင်လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရားအပါအဝင် စေတီပုထိုးများ ရာနှင့်ချီ ထိခိုက်မှုရှိခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန်အတွက် မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ပညာရှင်များသည် ပုဂံသို့ အကြိမ်များစွာ လာရောက်လေ့လာခဲ့ပြီး စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကနဦးအစီအစဉ်များ ချမှတ်ခဲ့ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group