#Local_News
Published - 3 Jan 2022

ဒလမြိုရှိ ဆံတော်ရှင်ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ တန်ဆောင်းပြဿဒ် (၄)ခုအား ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက်ရှေးမူမပျက် ပြန်လည် ပြုပြင်မွမ်းမံလျက်ရှိတယ်လို့ စေတီတော်ဂေါပကအဖွဲ့ ထံမှ သိရပါတယ်။

မွန်လူမျိုးတို့ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများစွာရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာရှိ ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသည် ဘုရားရှင်၏ ဆံ‌တော်ကို တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ဓာတုစေတီတစ်ဆူဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော်(သာသနာသက္ကရာဇ် ၂၄၀ ပြည့်နှစ်)မှစ၍ ဟံသာဝတီမင်း အဆက်ဆက် တည်ထားပြုပြင် ကိုးကွယ်ခဲ့သော အမြင့် မှာ ၁၆ တောင်တည်ထားခဲ့ခြင်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများအရ သိရပါတယ်။

စေတီတော်မြတ်ကြီးသည် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ထိန်းသိမ်းပြုပြင်မွမ်းမံဆောင်ရွက်ခဲ့သည့် စေတီတစ်ဆူဖြစ်ရာ ယနေ့ အချိန်တွင် ဉာဏ်တော် အမြင့် ၁၉၈ ပေ၊ လုံးပတ်တော် ၂၂၄ ပေကျော်၊ ဖိနပ်တော် ပေ ၄၉၀ ကျော်ရှိပြီး စေတီတော်မြတ်ကြီး၏ ရှေးဟောင်း လက်ရာအမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဓနုတ်ကျောင်းတိုက်ဆရာတော်၊ စေတီတော်မြတ်ကြီး ဘက်စုံပြင်ဆင်မွမ်းမံရေးအဖွဲ့၊ စေတနာရှင် အလှူရှင်များနှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ထိန်းသိမ်းပြုပြင်မွမ်းမံဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ အနေဖြင့်လည်း  စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြှော်ကြည်ညိုနိုင်တယ်လို့လည်း စေတီတော်ဂေါပကအဖွဲ့ က အသိပေးနှိုးဆော်ထားပါတယ်။

Photo - Dalla(IPRD)