Published 21 April 2024

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာစနစ်ဖြင့် ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်အထိ တပ်ဆင်ထုတ်လုပ်နိုင်ရေးကို အဆင့်အလိုက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန မှ သိရသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် စက်ရုံ သုံးရုံတွင် ဆိုလာစနစ် များ တပ်ဆင်ထားပြီး ဓာတ်အား ၂ မဂ္ဂါဝပ်ခန့် ထုတ်လုပ်အသုံးပြုနေ သည့် ဇုန်အတွင်း ဆိုလာစနစ်တပ်ဆင် ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက် ဇုန်ကုမ္ပဏီများ၏ လေ့လာစူးစမ်းမှုပြုထားချက်များအရ ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်အထိ ဆိုလာစနစ်တပ်ဆင် ဓာတ်အား ထုတ်လုပ်နိုင်မည်ကို တွေ့ရှိထားကြောင်း သိရသည်။

မြန်မာ - ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (MJTD) သည် ဆိုလာစနစ် တပ်ဆင်ပြီးပါက အသုံးပြုနေသော ဝန်အား ထက် ဆိုလာစနစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှု ပိုနေချိန်များတွင် ချိတ်ဆက်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဓာတ်အားလိုင်း မှတစ်ဆင့် အဆိုပါအထူးစီးပွားရေးဇုန်အတွင်းရှိ အခြားစက်ရုံများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် ၆၆၇ ဒသမ ၂၇၅ ဟက်တာ (၁၆၅၀ ဧက နီးပါး) ကျယ်ဝန်းပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၄ ခုက ရင်းနှီးမြှုပ်နှံထားကာ လက်ရှိ မြန်မာနိုင်ငံ၌ စီးပွားရေးဇုန် သုံးခုအနက် အအောင်မြင်ဆုံးလည်ပတ်နေသည့် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ကြောင်း သိရသည်။

ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားရရှိပါက ဇုန်အတွင်း မူလသုံးစွဲရ သည့် လျှပ်စစ် ဓာတ်အားကို အခြားလိုအပ်သည့်နေရာတွင် သုံးစွဲနိုင် မည်ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group