#Local_News
Published_ 11 April 2024


အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈) ခုကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အမျိုးသား ပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂ ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။

 

အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ (၁၀)ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ကဏ္ဍအလိုက် ဖွဲ့စည်းထားတဲ့ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းစဉ်များ ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ပြီး အကောင်အထည်ဖော်ဖို့ ဝန်ကြီးက ပြောဆိုပါတယ်။

 

ထို့ပြင် ဦးစားပေးရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းများက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ဖို့လည်း လိုအပ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။

 

ဆက်လက်၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ထားမှုများ၊ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #အမျိုးသားပို့ကုန်မဟာဗျူဟာ #ပို့ကုန်မြှင့်တင်ရေးကော်မတီ #Ymg_mnn #Yangon_Media_Group