#Local_News
Published_10 April 2024


တစ်မျိုးသားလုံးအရေးကို ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် ဆရာတော်ကြီးများက KNU,KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) စစ်ဦးစီးချုပ်အား လိပ်မူ၍ အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ပါသည် ဟု ယင်းမေတ္တာရပ်ခံချက်ထုတ်ပြန်လိုက်သည်။

 

အဆိုပါမေတ္တာရပ်ခံချက်ကို ကရင်ပြည်နယ်၊ မဟာထေရ် ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူလျက် ဘားအံမြို့၊တောင်ကလေးဆရာတော် ဘဒ္ဒန္တပညာသာမိ ၊ဘားအံမြို့၊ ဗုဒ္ဓဂယာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၊ လှိုင်းဘွဲ့မြို့၊ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ ၊ဘားအံမြို့၊ လမင်းပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တကေသရိန္ဒ ၊ဘားအံမြို့၊ လောကအတုလမာရ်အောင်ဆရာတော် ဘဒ္ဒန္တသောဘိတ ၊ လှိုင်းဘွဲမြို့၊ ကမော့လဲဆရာတော် ဘဒ္ဒန္တဝေပုလ္လ ၊ လှိုင်းဘွဲမြို့၊ ပြည်နယ်ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရ ၊ လှိုင်းဘွဲမြို့၊ မြို့နယ်အကျိုး တော်ဆောင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ ၊ ဘားအံမြို့၊ ဘုရားလုံဆရာတော် ဘဒ္ဒန္တအရိယဉာဏ ၊ ဘားအံမြို့၊ ချမ်းသာအေးဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၊ ဘားအံမြို့၊ ခွဲကဘောင်ပညာဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တနာဂဝံသ တို့က အာသီသဆန္ဒတူ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်တွင် ကရင်ပြည်နယ်၊ ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှိုင်းပုံရွာ၊ လမင်းပရိယတ္တိစာသင်တိုက်၌ ဧပြီလ ၅ ရက်တွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ၏ လိုလား တောင့်တချက် ၃ ချက်ကို ယင်း မေတ္တာရပ်ခံချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

၎င်းအချက် ၃ ချက်မှာ တစ်မျိုးသားလုံး ငြိမ်းချမ်းရေး ၊ အလုံးစုံ သွေးစည်းညီညွတ်ရေး နှင့် ထာဝစဉ်အမြဲငြိမ်း ချမ်း ရေးအတွက် လိုလားနှစ်သက်တော်မူကြသည့်အလျှောက်ကရင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ဘေးစစ်ဒဏ်များတို့ဖြင့် ဘာသာရေး အဆောက်အဦးများ၊ဆက်သွယ်ရေး လမ်းတံတားများပညာ သင်ကြား ရေး စာသင်ကျောင်းများ၊ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ စစ်ဘေးရှောင် ပြည်သူများတို့၏ ဘဝဘေး ဒဏ်များ ကင်းဝေးစေနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။

 

အလားတူ လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်း တို့၏ ထာဝရငြိမ်းချမ်းရေးမဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။

 

#Local_News ဆရာတော်ကြီးများ # KNU,KNLA ထံ မေတ္တာရပ်ခံ #Yangon_Times/PP