#Local_News
Published 10 April 2024


၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီ လ ၉ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

 

ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြကာ ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ထပ်မံ၍ ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #K-pop အနုပညာရှင် #ရန်ကုန်သို့ရောက်ရှိ #YMG/LW #Yangon_Times