Published_ 27 March 2024

ပြေစာများတွင်  အခွန်အမှတ်တံဆိပ်ကပ်ရန်  ပျက်ကွက်မှုအတွက် သတင်းပေးတင်ပြသူများကို တပ်ရိုက်သည့်  ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန် များ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

စားသောက်ဆိုင်လုပ်ငန်းရှင်များ ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ ၊ ရွှေ ထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ ၊ လက်ကိုင်ဖုန်း Handset နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှု၊ ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များ အနေဖြင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူပြည်သူများဆီက တစ်ပါတည်းကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာအခွန်ရုံးကိုလည်း ပေးသွင်းရန်တာဝန်ရှိကြောင်း ဆိုသည်။

ထို့အပြင်ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများနှင့် သက်မှတ်ချက်များနှင့် အညီ အခွန်အမှတ် တံဆိပ်ကပ်ရန် ပျက်ကွက်မှုအတွက် စာရွက်စာတမ်း အထောက်အထားဖြင့်ဖြစ်စေ၊ အသံဖိုင်ဖြင့်ဖြစ်စေ တင်ပြလာပါက သတင်းပေးတင်ပြသူကို ဒဏ်ရိုက်သည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း၊လက်ကိုင်ဖုန်းများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်မှုအတွက် သတင်းပေး တင်ပြသူကို ၂၀ ရာခိုင်နှုန်း ဆုကြေးအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။

စားသုံးသူပြည်သူများအနေဖြင့်ကျသင့်ငွေပေးချိန်၌ အခွန်အမှတ်တံဆိပ်ကပ်ထားသည့်  ပြေစာကို တောင်းယူခြင်းနှင့် လုပ်ငန်းရှင်များ ကလည်း စားသုံးသူများတောင်းခံသည် ဖြစ်စေ၊ မတောင်းခံသည် ဖြစ်စေ အခွန်အမှတ်တံဆိပ် ကပ်ထားသည့်  ပြေစာများကို မဖြစ်မနေ ထုတ်ပေးခြင်းများကို ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန်လည်း အသိပေးနှိုးဆော်ထားသည် ။
Yangon_Times/NN
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group