#Local_News
Published 26 March 2024


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ထုတ်ပေးသည့် UIDနံပတ်ပါ အရပ်ခေါ်စမတ်ကတ်များကို မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသောမြို့နယ်ကို သွားရောက်ပြုလုပ်စရာမလိုဘဲ မိမိရောက်ရှိနေသော မြို့နယ်ရှိ လဝက ရုံးတွင်လည်း ပြုလုပ်နိုင်ကြောင်း သက်ဆိုင်ရာဌာနက ပြောကြားထားသည်။

 

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် UID နံပတ်ပါ စမတ်ကတ်ပါရှိရမည်ဆိုသော အကြောင်းရာနှင့် ပတ်သက်ပြီး သတင်းမီဒီယာတစ်ခုမှ ဆက်သွယ်မေးမြန်းမှုကို သက်ဆိုင်ရာဌာနက ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေဖြင့် မတ်လက ၁၉ ရက်ကစပြီး ပတ်စပို့စ်သက်တမ်းတိုးခြင်း အသစ်ပြုလုပ်ခြင်းများ လာရောက် လုပ်ဆောင်သူများ အနေဖြင့်လဝကမှ ထုတ်ပေးထားသည့် UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်ထားလက်မှတ် ယူဆောင်လာရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် ပြည်သူတွေအနေနဲ့ UID နံပတ်ပါ စမတ်ကတ်ကို ရယူလိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် မြို့ကိုပြန်ပြီး လုပ်စရာမလိုဘဲ လက်ရှိကိုယ်နေထိုင်ရာမြို့မှာ ရှိသည့်လဝကရုံးတွင်ဖြစ်စေရပ်ကွက်များကို ဆင်းပြီး ပြုလုပ်ပေးနေသည့် UID နံပါတ် စမတ်ကတ်ကို အခမဲ့ ပြုလုပ်နိုင်ကြောင်း သိရသည်။

 

အစိုးရအဖွဲ့အစည်းအရပ်ဘက်အဖွဲ့အစည်း များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးသည့် အခါတွင် အဆိုပါ UID နံပတ်အပေါ်အခြေခံပြီး ဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ပြည်သူတွေအနေဖြင့် UID မြန်မြန် ပြုလုပ်ပါက အကျိုးမြန်မြန် ခံစားရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

 

#Local_News #UIDနံပတ်ပါစမတ်ကတ် #လဝကရုံးများတွင်လည်းပြုလုပ်နိုင် #YMG/LW #Yangon_Times