#Local_News
Published 13 March 2024


အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေသူတစ်ဦးက စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာသဖြင့် ဖြေရှင်းပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးမှုများ ကို နှစ်ကြိမ်တိုင်ဆောင် ရွက်ခဲ့ရာ ပြေလည်မှုများ မရရှိခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ကုမ္ပဏီမှ တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင် ထားသည့်စက်အား ပြန်လည်ဖြုတ်သိမ်းသွားရန်နှင့် အင်တာနက်အသုံးပြုရန် (၃)လစာပေးဆောင်ထားသည့် ငွေကျပ် ၈၅,၅၀၀ အား အပြည့်အဝ ပြန်လည်ပေးလျော်သွားရန် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို ချမှတ်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ ဌာနမှစီမံခန့်ခွဲရေးဆိုင်ရာအမိန့် ချမှတ်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန် တိုင်ကြားသူထံဆက်သွယ်၍ ညှိနှိုင်းပြောကြားခဲ့သော်လည်း တိုင်ကြားသူမှ လက်ခံခြင်းမရှိသဖြင့် ထပ်မံညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီက တိုင်ကြားသူထံ တစ်နှစ်စာလျော်ကြေးငွေကျပ် ၃၄၂,၀၀၀ အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်တာနက်စက်ကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#Local_News #ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာသူကတိုင်ကြား #စားသုံးသူရေးရာဦးစီးဌာနကဖြေရှင်းပေးခဲ့
#YMG/LW #Yangon_Times