#Local_News
Published 12 March 2024

ရန်ကုန်တိုင်း သာကေတမြို့နယ်နေ အသက်၈၅နှစ်အရွယ် အဖွားအိုတစ်ဦးမှာ မျက်စေ့လည်ကားစီးမှားပြီး နေအိမ်သို့ မပြန်တတ်တော့သဖြင့် ပရိဟိတ အသင်းများက ကူညီ စုံစမ်းပေးကာ နေအိမ်သို့ ပြန်ပို့ပေးခဲ့ရကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံက သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၀ရက် ည ၉နာရီ ၃၅ မိနစ်ခန့် က အသက် ၈၅ နှစ် အရွယ် အဖွား မှာ မျက်စေ့လည် ကားမှားစီး ပြီး ထောက်ကြံလမ်းဆုံ သို့ရောက်ရှိ နေသဖြင့် ပြည်သူတစ်ဦးကလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရန်ကုန်(YRO)ကိုအကြောင်းကြားရမှ ကူညီ ပေးခဲ့နိုင်ကြောင်း သိရသည်။

 

"YRO အတွင်းရေးမှူး ဦးတာက ချိတ်ဆက်လာတယ် အသက်၈၅ နှစ်အရွယ်အဖွားတစ်ဦးမျက်စိလည်ပြီး ထောက်ကြံလမ်းဆုံကို ရောက်နေတယ်ဆိုတော့ အဲ့အဖွားကိုသွားခေါ်ပြီး ဘယ်မှာနေလဲမေးကြည့်တော့ သာကေတမြို့နယ်လို့တော့ သူပြောတယ် မှတ်ဥာဏ်ကလည်း အားနည်းတော့ သာကေတ မြို့နယ်ပဲမှတ်မိတယ် တော်တော်ကြာမေးကြည်တော့မှ ခုနှစ်လို့ပြောတယ် ၇ရပ်ကွက် လား၇လမ်းလားဆိုတာ မသိဘူး။

 

ဒါနဲ့ခုနှစ်ပဲပြောနေတာနဲ့ သာကေတမြို့နယ်က လူမူကူညီရေးအသင်း အချို့နဲ့ချိတ်ဆက်ပြီး သူ့နေအိမ်ကို လိုက်ရှာရတာပေါ့ ထောက်ကြံလမ်းဆုံမှာ ဘယ်အချိန်ကတည်းကထိုင်နေလဲမသိဘူး။ ကျွန်တော်တို့တွေ့တော့ လမ်းတောင်မလျှောက်နိုင်ဘူး ချီပြီး ကားပေါ်တင်ပေးရတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှ ကိုထွန်းထွန်းဦး က ပြောသည်။

 

ထိုသို့ လူမူကူညီရေးအသင်းများစုပေါင်း ရှာဖွေပေးသဖြင့် ည ၁၀နာရီ ခွဲခန့်တွင် အဖွားနေထိုင်ရာ သာကေတမြို့နယ်၊နေအိမ်၊(7)လမ်းသို့ ရှာတွေ့ခဲ့ပြီး မိသားစုများထံ အရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #အသက်၈၅နှစ်အရွယ်အဖွားအို #ကူညီစုံစမ်းပြီးနေအိမ်သို့ပြန်ပို့ပေးခဲ့ရ#YMG/LW #Yangon_Times