Published_ 9 March 2024

နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုများအရလျှပ်စစ်ဓာတ်အား  မဂ္ဂါဝပ် ၅၀၀ ခန့် နှစ်စဉ်တိုးတက်ထုတ်လုပ်နိုင်မှသာနိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကပြောသည်။

နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ မတ်လ၈ရက်က ပြုလုပ်သည့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးကအထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက် (National Electricity Master Plan) ၏ နှစ်အလိုက်ဓာတ်အားလိုအပ်ချက် တိုးတက်လာမည့် အခြေအနေများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် ကိုးရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်းသိရသည်။

ယခု ၂၀၂၄ ခုနှစ် နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ၊ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့အပြင်  National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားကြောင်း၊ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အား စနစ်၏ အခြေခံဝန်အား (Base Load) အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group