#Local_News
Published 16 February 2024


ကရင်ပြည်နယ်၊ မြဝတီခရိုင်ဘက်မှ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲသို့ ခိုးဝင်လာသည့်  မြန်မာနိုင်ငံသား (၂၇) ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန တွေရဲ့ဖေါ်ပြချက်အရ သိရသည်။

 

ဖေဖေါ်ဝါရီ ၁၄ရက် ည ၁၀ နာရီခန့်က ထိုင်း-မြန်မာနယ်စပ်မှာ တာဝန်ကျနေသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ဖိုးဖမြို့နယ်၊ ခီလီလတ်ကျေး ရွာအနီးက ငှက်ပျောတောထဲတွင် ပုန်းအောင်းနေသည့် လူတစ်စုကိုတွေ့ရှိပြီး စစ် ဆေးရာမှ ဖမ်းဆီးခံခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူ‌ထဲတွင် အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၁၆) ဦး ပါဝင်ကာ အဆိုပါ မြန်မာနိုင်ငံသားများကို လမ်းပြခေါ်ဆောင်လာသည့် ပွဲစားကိုတော့ ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂၇ ဦးကို ဥပဒေအရ အရေး ယူဆောင်ရွက်နိုင်ရန် ဖိုးဖရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဖိုးဖရဲစခန်းမှ  ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာမှုနှင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

 

#Local_News #ထိုင်းနိုင်ငံထဲသို့ခိုးဝင် #မြန်မာနိုင်ငံသား၂၇ ဦးဖမ်းဆီးခံရ #YMG/LW #Yangon_Times