#Local_News
Published 3 February 2024

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့ရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 

ပြည်ပသို့ ပုံမှန်တင်ပို့နေကြဖြစ်သည့် ဆန်တင်ပို့မှုထက် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

'သမားရိုးကျ ဆန်ကို ပို့တာထက်စာရင် ဆန်မှုန့်တို့၊ ဆန်ခေါက်ဆွဲတို့၊ တစ်ဖက်ကလည်း ဖွဲနုဆီထုတ်လုပ်တဲ့လုပ်ငန်းကို အားပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဖွဲနုဆီတချို့ကို နိုင်ငံခြားတင်ပို့ဖို့၊ တချို့ကို ပြည်တွင်းဈေးကွက်မှာရောင်းချဖို့ နောက်ပြီး ဖွဲနုဆီထုတ်တဲ့လုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ဆီထုတ်ပြီးသားဖွဲဖတ်ကို ပြည်တွင်းဈေးကွက်မှာရောင်းဖို့၊ နိုင်ခြားတင်ပို့ရောင်းချဖို့ စသဖြင့် Export Product Diversification ကိုလည်း လာမယ့်နှစ်မှာ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့ ဆန်မှုန့်တို့ တစ်ဖက်ကလည်း တိရစ္ဆာန်အစာ ထုတ်လုပ် တင်ပို့ရောင်းချတဲ့အပိုင်းတို့ ဒါလေးတွေပါ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ် ' ဟုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဌဦးရဲမင်းအောင်ကပြောသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်တန်ချိန် ၁၂ သန်းမှ ၁၄ သန်းကြား ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၀ သန်း ဝန်းကျင်ရှိသဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၃ သန်းဝန်းကျင်သာ ပြည်ပတင်ပို့နိုင်မည်ဖြစ်‌ကြောင်း သိရသည်။

 

ထို့ကြောင့် ဝင်ငွေပိုမိုရရှိ‌စေရန် တန်ချိန်တိုးမြှင့်တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ ဝင်ငွေတိုးမြှင့်ရရှိစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊၎င်းအပြင်  ဆန်တင်ပို့ခြင်းကို လျှော့ချပြီး ပြည်တွင်းစားသုံးမှုလည်း ဖူလုံစေရန်အတွက် ဆန်ဖြူကို အကန့်အသတ်ဖြင့်သာ တင်ပို့ကာ ပေါင်းဆန်နှင့် ဆန်ကွဲကိုသာ ပိုမိုတင်ပို့နိုင်ရေး ယခုဘဏ္ဍာနှစ် လက်ကျန်ကာလ ဖေဖော်ဝါရီနှင့် မတ်လတို့မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ဆန်တန်ဖိုးမြှင့်ထုတ်ကုန် #YMG/ NN #Yangon_Times