Published 13 January 2024

၂၀၂၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေစာရင်းဇယားများကို အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် ပိုမို တိကျမှန်ကန်သော အနာဂတ်လူဦးရေနှင့် လူမှုစီးပွားအချက်အလက် များကို ခန့်မှန်းနိုင်ရန် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကောက်ယူရန် အတွက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစဉ်လေးရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ၂ဝ၂၄ ခုနှစ်တွင်ရှိလာမည့် ခန့်မှန်းလူဦးရေအပေါ် အခြေခံ၍ ကောက်ကွက်စုစုပေါင်း ၁၈၁၃၂ ကွက်အတွက် စာရင်းစစ် ၁,၄၈၇ ဦး၊ စာရင်းကောက် ၅,၄၃၆ ဦး၊ ပေါင်း ၆,၉၂၃ ဦး ခန့်မှန်းတွက်ချက်ထားရှိပြီး လိုအပ်သည့် စာရင်းစစ်/ စာရင်း ကောက်များအတွက် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များအဖြစ် အခြေခံဒေသစာရင်း ပြုစုခြင်း၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက် များ ဖွဲ့စည်းခြင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသင်တန်း နည်းပြများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးနှင့် စာရင်းစစ်/ စာရင်းကောက်များ တာဝန်ပေးအပ်နိုင်ရေးအတွက် ဗဟိုအဆင့်
နည်းပြသင်တန်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း၊ ခရိုင်အဆင့် နည်းပြ သင်တန်းနှင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News