Published 12 January 2024

  မလေးရှားနိုင်ငံ Perak ပြည်နယ် ပင်လယ်ရေကြောင်း မှ တောင်ဘက် ၉ မိုင် နှင့် ၆ မိုင် ကွာဝေးသော နေရာ ၃ ခုတွင် မြန်မာ ရေလုပ်သား ၁၄ ဦးကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းဌာနများ၏ဖေါ်ပြချက်အရသိရသည်။

  Perak ပြည်နယ် ရေကြောင်းညွန်ကြားရေးမှူး၊ ရေကြောင်းကပ္ပတိန် Mohd Hambali bin Ya'akup က OP SAYONG၊ OP TANJUNG နှင့် Perak ရေပြင်ရှိ OP TIRIS တို့ကို ပုံမှန်ကင်းလှည့်စဉ် KM NYALAU မှ ငါးဖမ်းခြင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်နေသော သင်္ဘောသုံးစင်းကို ရေဒါမှတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

  စစ်ဆေးမှုရလဒ်များအရ အဆိုပါ စက်လှေ ၃ စင်းတွင် မြန်မာ လှေဦးစီး၂ ဦးနှင့် နိုင်ငံသားတစ်ဦးတို့ မောင်းနှင်ပြီး လိုက်ပါဆောင်ရွက်လျက်ရှိပြီး အသက် ၂၀ နှစ်မှ ၅၉ နှစ်ကြား မြန်မာနိုင်ငံသား ရေလုပ်သား၁၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

   သင်္ဘောမောင်းနှင်သူ နှင့် မြန်မာအမှုထမ်း ၁၂ ဦးစလုံးသည် တရားဝင်အထောက်အထား စာရွက်စာတမ်းများ တင်ပြရန် ပျက်ကွက်ခဲ့ကြောင်း ထပ်မံ စစ်ဆေး တွေ့ရှိခဲ့ကြောင်းသိရသည်။

 ဆက်သွယ်ရေးစက်များအသုံးပြုရန် ခွင့်ပြုချက်ပေးစာ မပါရှိသည့်အပြင် ပြည်မကြီးမှ ရေမိုင် ၁၅ ထက်ကျော်လွန် လုပ်ကိုင်နေကြောင်းသိရသည်။ ၎င်းအပြင် ဒေသခံ လှေဦးစီးမှာ မလေးရှားနိုင်ငံ ငါးလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်ထံမှ နိုင်ငံခြားသင်္ဘောသားများ အသုံးပြုခွင့် စာရွက်စာတမ်း တင်ပြရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိကြောင်းသတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါ လှေများအပါအဝင် ငါးဖမ်းစက်များကို မလေးရှား ရေကြောင်း စုံစမ်းရေး အရာရှိထံ ဆက်လက် လွှဲပြောင်း ပေးအပ်ခဲ့ပြီး တံငါသည် အားလုံးကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့သည်။
Yangon Times/LW
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News